စပစ်ဖိုင်းယား လေယာဉ်များ ဆက်လက်တူးဖော်မည်
DVB
·
August 20, 2014
ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ မြန်မာပြည်မှာ မြှုပ်နှံထားခဲ့တယ်ဆိုတဲ့ စပစ်ဖိုင်း ယားလေယာဉ် ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ တူးဖော်တဲ့အဖွဲ့က ပြောခွင့်ရက ပြောပါတယ်။
လေယာဉ် ရှာဖွေရေးလုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်ဆိုတဲ့ သတင်းတွေက ထွက်ပေါ်လာတဲ့အပေါ် ဒီလုပ်ငန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက် ချမှတ်ရခြင်း မရှိသေးသလို ရပ်ဆိုင်းဖို့ကလည်း တဖွဲ့တည်း ဆုံးဖြတ်လို့မရဘူးလို့ တာဝန်ယူ တူးဖော်ရေးနေတဲ့ အဖွဲ့က ပြောကြားလိုက်တာပါ။
လတ်တလော မိုးတွင်းကာလ ဖြစ်တဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေကို ရပ်ဆိုင်း ထားပေမယ့် ပွင့်လင်းရာသီ ရောက်ရင် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တူးဖော်ရေးလုပ်ဆောင်နေတဲ့အဖွဲ့က ပြောခွင့်ရ ဦးထွန်းကျော်က ပြောပါတယ်။
“စာချုပ်ရပ်တော့မယ်ဆိုတာ မဟုတ်ပါဘူး။ မိုးတွင်းကာလမှာမို့လို့ မြေပြင်ကာလတွေက အခြေအနေပေးလို့ ရပ်ထားတာဖြစ်ပါတယ်။ စာချုပ်ရပ်နေတယ်ဆိုတာ မဟုတ်ပါဘူး။”
လေယာဉ်တွေကို ရှာဖွေနေတဲ့နေရာတွေမှာတော့ လောလောဆယ် အချိန်ထိ လေယာဉ်တွေကို တွေ့ရှိခြင်း မရှိသေးသလို ရရှိထားတဲ့ သဲလွန်စတွေက လက်တွေ့ လုပ်ဆောင်ရာမှာ လွဲချော်မှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
လေယာဉ်တူးဖော်ရှာဖွေရေးကို နိုင်ငံတော်အစိုးရ၊ ရွှေတောင်ပေါ်ကုမ္ပဏီနဲ့ ဘီဂျေစီကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းလုပ်ဆောင်နေတာ ဖြစ်သလို ရန်ကုန်၊ မြစ်ကြီးနားနဲ့ မိတ္ထီလာတို့မှာ ရှာဖွေနေတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းက စပစ်ဖိုင်းယားလေယာဉ် စုစုပေါင်း ၃၀ ကျော်ကို မင်္ဂလာဒုံလေဆိပ်အနီးမှာ မြှုပ်နှံထားပြီးတော့ မြန်မာနိုင်ငံမှာ စုစုပေါင်း ၁၂၄ စင်း မြှုပ်နှံထားတယ်လို့ ယူဆနေကြတာပါ။