DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူ အစိုးရသဘောတူ
DVB
·
August 15, 2014
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူ အစိုးရသဘောတူ
1 / 16
Donate to DVB

တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အခြေခံမူကို အစိုးရဘက်က သဘောတူလိုက်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပထမနေ့အဖြစ် ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ)နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အတွက် ဒီနေ့ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူလိုက်တာပါ။

အန်စီစီတီအဖွဲ့ခေါင်းဆောင် နိုင်ဟံသာကတော့ တိုင်းရင်းသားတွေလိုလားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအခြေခံမူက အချက်ကို အစိုးရဘက်က လက်ခံခဲ့တယ်လို့ ပြောပါတယ်။

“အဓိကအားဖြင့် တိုင်းရင်းသားတွေဘက်က အရေးကြီးဆုံးအချက်လို့ ခံယူထားတဲ့ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရဘက် လက်ခံလိုက်ပြီ။ ဒါပေမယ့် လုံးဝပြေလည်သွားပြီဆိုတဲ့ အဆင့်တော့ မရောက်သေးဘူး။ အခုမှ စပြီးဆွေးနွေးတာကတော့ အခန်း ၁ နဲ့ ၂ လောက်ပဲ ရောက်ပါသေးတယ်။”

သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူ ဦးလှမောင်ရွှေက “တိုင်းရင်းသားတွေဘက်က တင်တဲ့ အဆိုပြုတဲ့အထဲမှာ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ အဆိုပြုတယ်။ ကျနော်တို့ ယူပီဒဗလျူစီဘက်က အဆိုပြုတာကတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှ ဆုံးဖြတ်ချက်နဲ့အညီ ပြည်ထောင်စုစနစ်ကိုအခြေခံတဲ့ ဖက်ဒရယ်နိုင်ငံဆောင်ရွက်ရန်ဟာကို ပြန်အဆိုပြုတာ တိုင်းရင်းသားတွေဘက်က လက်ခံတဲ့ အတွက် အဲဒီအချက်က ပြီးသွားပြီပေါ့ဗျာ။ အဲဒါကတော့ အဓိကဖြစ်တဲ့အတွက် ကျန်တဲ့ဟာတွေမှာလည်း အားလုံးနီးပါး အဆင်ပြေသွားပါတယ်” လို့ ပြောပါတယ်။

ယူပီဒဗလျူစီ ဒုဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ ဆွေးနွေးပွဲ ၂ ရက်တာအတွင်း ရလဒ်ကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ထားကြောင်း ဒီမနက် ဆွေးနွေးပွဲဖွင့်ပွဲမှာ ပြောခဲ့ပါတယ်။

အန်စီစီတီနဲ့ ယူပီဒဗလျူစီတို့ ပြီးခဲ့တဲ့ မေလကလည်း တွေ့ဆုံခဲ့ကြပြီး အခု ပဉ္စမအကြိမ် တွေ့ဆုံပွဲမှာ ညှိနှိုင်းဖို့ ကျန်ရှိနေသေးတဲ့ Single Text ဒုတိယမူကြမ်းက အချက် ၃၁ ချက်နဲ့ တတိယမူကြမ်းကို ဆက်လက်ဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။

နှစ်ပေါင်း ၆၀ ကျော် လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေကြရာကနေ အစိုးရသစ် လက်ထက်မှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘက်နှစ်ဘက်က ကိုယ်စားလှယ် ၉ ဦးစီနဲ့ ရေးဆွဲတဲ့အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းမှာ အစိုးရဘက်က နိုင်ငံရေးပါတီအားလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းခဲ့ပြီး နိုင်ငံရေးမူဘောင် ရေးဆွဲရေးမှာ တာဝန်ခံမှုနဲ့ပါဝင်ကြဖို့ ကမ်းလှမ်းခဲ့သလို ၂၀၁၅ ခုနှစ်ဆန်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူ ဦးလှမောင်ရွှေ နဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင် ဆက်သွယ်မေးမြန်းချက်ကို အသံဖိုင်နားဆင်နိုင်ပါတယ်။

[gallery ids="62513,62514,62515,62516,62517,62518,62519,62520,62521,62522,62523,62524,62525,62526,62527,62528"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013