တရုတ်ဘက်က ဆန်ဖမ်းမှု ပြန်ဆွေးနွေးမည်
DVB
·
August 15, 2014
လက်ရှိ တရုတ်ပြည်ထဲမှာ မြန်မာဆန်တွေ ဖမ်းဆီးမှု ရှိနေတဲ့ကိစ္စ၊ တရားဝင် ဆန်တင်ပို့ခွင့် ပြန်ရအောင် ၂ နိုင်ငံ ပြန်ပြီးဆွေးနွေးမယ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်ကြီးများ အသင်းချုပ် ဥက္ကဋ္ဌ မစ္စတာ ယုဒင်ချန် (Mr.Yu DingCheng)က ပြောပါတယ်။
သြဂုတ် ၁၄ ရက်နေ့က ရန်ကုန် မင်းရဲကျော်စွာလမ်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(ယူအမ်အက်ဖ်စီစီအိုင်)ရုံးမှာ ကျင်းပတဲ့ မြန်မာနဲ့ ယူနန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်အခြမ်းမှာ မြန်မာပြည်ဘက်က ပို့တဲ့ဆန်တွေကို ဖမ်းဆီးမှုများနေတဲ့အတွက် နယ်စပ်ရောက်နေပြီးဖြစ်တဲ့ ဆန်တွေ ဈေးကျပြီး ကုန်သည်တွေ အရှုံးနဲ့ ရင်ဆိုင်နေကြရတာပါ။
မြန်မာနိုင်ငံက ထွက်တဲ့ဆန်တွေဟာ အရည်အသွေးညံ့တာကြောင့် အာဖရိကနိုင်ငံတွေနဲ့ တရုတ်နယ်စပ်ဘက် တင်ပို့နေရပြီး အခုနှစ် မျှော်မှန်းထားသလို ဆန်တန်ချိန် ၂ သန်း ပြည့်မီအောင် ပို့နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ဆန်လုပ်ငန်းအသင်း တာဝန်ရှိသူ တယောက်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။