Home
မြန်မာသတင်း
တိုက်ပွဲရှောင်ရွာသားများကို အစိုးရတပ်မမှူး တောင်းပန်
နန်းမြနဒီ
·
August 14, 2014
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် ဘေးလွတ်ရာ တိမ်းရှောင်လာတဲ့ ရွာသားတွေကို အစိုးရတပ်က လာရောက် တောင်းပန်ပြီး စားနပ်ရိက္ခာတွေပါ ကူညီခဲ့ပါတယ်။ [caption id="attachment_62380" align="alignright" width="300"]အစိုးရ စစ်ကြောင်းတခုအား မြင်တွေ့ရစဉ် အစိုးရ စစ်ကြောင်းတခုအား မြင်တွေ့ရစဉ်[/caption]ဖားကန့်မြို့နယ်နဲ့ ကာမိုင်းမြို့နယ်ခွဲကြားက ကဘော်မှော်ရွာဘက်မှာ လွန်ခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အေ)တို့ကြား ပစ်ခတ်မှုတွေကြောင့် ထိတ်လန့်ပြီး နမ့်ယားရွာဘက် ထွက်ပြေးလာတဲ့ ရွာသားတွေကို အစိုးရတပ် တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် ၀င်းကိုချိန် ကိုယ်တိုင်လာရောက် တောင်းပန်သွားတယ်လို့ ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။ “တပ်မမှူးကနေသွားပြီး အားလုံးကို စိစစ်ပြီးတော့မှ ကိုယ့်နေရာကိုယ် ပြန်ခိုင်းလိုက်ပြီ။ အားလုံး အေးဆေးဖြစ်သွားပြီ။ လိုအပ်တဲ့ အကူအညီတွေကိုလည်း အကုန်ကူညီပေးလိုက်တယ်။ သူတို့လူတွေရဲ့ လုပ်ရပ်တွေကိုလည်း သွားပြီး ပြည်သူတွေကို တောင်းပန်တယ်။ မနေ့ညက သူတို့ ပြန်မယ်ဆိုရင် ပြန်လို့ရတယ်ပေါ့။ ဒါမှမဟုတ် မနက်ဖြန်မှ ပြန်မယ်ဆိုလည်း ပြန်လို့ရတယ်။ အခုကျနော်တို့ဖြတ်လာတော့ အဲဒီမှာ ဒုက္ခသည်တွေကို မတွေ့ရတော့ဘူး။” တပ်မမှူးနဲ့ အဖွဲ့ဟာ ရွာသားတွေအတွက် အကူငွေ ကျပ်သိန်း ၂၀၊ ဆန်အိတ် ၅၀နဲ့ စားသုံးဆီတွေပါ ထောက်ပံ့ပေးခဲ့သလို ကပ်မော်ရွာက ကျေးရွာအုပ်ချုပ်ရေးမှူး အရိုက်ခံရတာနဲ့ ပတ်သက်ပြီး သူတို့ စစ်တပ် အရာရှိ ၂ ဦးကိုလည်း အရေးယူထားကြောင်း၊ အရိုက်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ဆေးဖိုးဝါးခတွေလည်း အကုန်တာဝန်ယူပေးမယ်လို့ ကျေးရွာဖွံ့ဖြိုးရေးထောက်ကူပြုအဖွဲ့နဲ့ သင်းအုပ်ဆရာတွေရှေ့မှာ ကတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂေါ်လူဆောင်းကို ခမရ ၁၀၈ အစိုးရတပ်ရဲ့ ဒုဗိုလ်တဦးက သြဂုတ် ၁၂ ရက်နေ့မှာ ခေါ်ယူပြီး ကေအိုင်အေစစ်သားအကြောင်း စစ်ဆေးမေးမြန်းရင်း ရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုတွေကတော့ သြဂုတ် ၈ ရက်နဲ့ ၁၀ ရက်တွေမှာ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရွာသားတွေက သူတို့ရွာနဲ့ ၁၀ မိုင်လောက်ဝေးတဲ့ နမ့်ယားဘက်ကို ၉ ရက်ကနေ ၁၂ ရက်နေ့တွေအတွင်း ၂၀၀ နီးပါး ရောက်ရှိလာကာ ဘုရားရှိခိုးကျောင်းနဲ့ အသိဆွေမျိုးအိမ်တွေမှာ ခိုလှုံခဲ့တာ ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ယခင်က အစိုးရတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲတွေကြောင့် ရွာသားတွေ ထောင်ချီ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ပြီး စစ်ရှောင်ရွာသားတွေကို တပ်မမှူး ကိုယ်တိုင် လာရောက်တောင်းပန်တာဟာ ဒါဟာ ပထမဆုံးအကြိမ်ပဲလို့ ဦးဒါရှီလာဆိုင်းက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024