အီရတ်ကို အမေရိကန် မြေပြင်တိုက်ခိုက်ရေးတပ်တွေ စေလွှတ်ရန်မရှိဟု အိုဘားမားပြော

Obama--621x414အီရတ်မှာ အမေရိကန်က နောက်ထပ် စစ်ပွဲတခုထဲ ဆွဲသွင်းခံရတာမျိုး အဖြစ်မခံဘူးလို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက သြဂုတ်လ ၉ ရက်နေ့က အပတ်စဉ် ရေဒီယို မိန့်ခွန်းမှာ ပြောပါတယ်။ အမေရိကန် မြေပြင်တိုက်ခိုက်ရေးတပ်တွေကို အီရတ်ဆီ စေလွှတ်ဖို့ မရှိဘူးလို့လည်း ပြောပါတယ်။ အီရတ်မှာ ကဒ်မြို့တော်ဆီကို ချီတက်နေတဲ့ အစ္စလာမ္မစ်တပ်တွေကို အမေရိကန် စစ်လေယာဉ်တွေက ဗုံးကျဲပြီး နောက်တရက်မှာ အမေရိကန်သမ္မတက အခုလို ရှင်းပြတာပါ၊ လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၁၁ ခုနှစ်မှာ အီရတ်ကနေ အမေရိကန် တပ်တွေ ပြန်ရုပ်သိမ်းတဲ့နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာကို မယုံကြည်သူတွေကို ခေါင်းဖြတ်၊ သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်နေတဲ့ အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ သူပုန်တပ်တွေကို တားဆီးနိုင်မှ ဒေသတွင်းက ခရစ်ယာန် ဘာသာဝင်တွေနဲ့ တခြားလူနည်းစုတွေ လူမျိုးတုံး သတ်ဖြတ်ခံရမယ့် အခြေအနေက တားဆီးနိုင်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ကမ္ဘာမှာ အကျပ်အတည်းတွေ့တဲ့နေရာတိုင်းမှာ အမေရိကန်က ကြားဝင်ဆောင်ရွက်ဖို့ မဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်သင့်ဘူးလို့ သမတ အိုဘားမားက ပြောပါတယ်။ ဒါပေမယ့် အီရတ်တောင်ပေါ် ဒေသမှာ အပြစ်မဲ့ ပြည်သူတွေ အမြောက်အများ သေဆုံးပြီး လူမျိုးတုံး သတ်ဖြတ်ခံရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ အမေရိကန်က ကူညီနိုင်ပါရက်နဲ့ လျစ်လျူမရှုထားနိုင်ဘူးလို့ အိုးဘားမားက ပြောပါတယ်။ ဒီလို လက်ပိုက်ကြည့်နေတာမျိုးကို အမေရိကန်တွေဟာ ဘယ်တော့မှ မလုပ်ဘူးလို့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရတဲ့အကြောင်းကို အိုဘားမားက ရှင်းပြပါတယ်။ အမေရိကန် အနေနဲ့ အီရတ်အစိုးရနဲ့ ကဒ်လူမျိုးစုတွေအတွက် စစ်ရေးအထောက်အပံ့တွေ၊ လက်နက်တွေကို ဆက်ပြီး ထောက်ပံ့မှာ ဖြစ်ပေမယ့် တချိန်တည်းမှာ အီရတ်မှာ အားလုံးပါဝင်နိုင်မယ့် အစိုးရတရပ်ကို ချက်ချင်း ဖွဲ့စည်းဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက သတိပေးထားပါတယ်။ သြဂုတ်လ ၉ ရက်နေ့ ညမှာ ဒုတိယမြောက် ညအဖြစ် အမေရိကန်လေယာဉ်တွေဟာ လွင်တီးခေါင် တောင်ပေါ်တနေရာမှာ ပုန်းအောင်းနေတဲ့ ရှေးဟောင်း ရာဇီဒီ ဘာသာဝင်တွေ အတွက် ကယ်ဆယ်ရေးပစ္စည်းတွေကို လေကြောင်းကနေ ချပေးခဲ့တယ်။ ဂျေဟတ် အစ္စလာမ္မစ်ဝါဒီ တပ်တွေဟာ ဂျွန်လက စလို့ အီရတ်နိုင်ငံ မြောက်ပိုင်းဒေသ တော်တော်များများကို သိမ်းပြီး မွတ်စလင် မဟုတ်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ လူသိန်းနဲ့ချီပြီး အိုးအိမ်တွေကနေ စွန့်ခွာခဲ့ရပါတယ်။ ဆူနီ သူပုန်တွေဟာ ဆီရီးယားနိုင်ငံ ဧရိယာရဲ့ သုံးပုံတပုံကို သိမ်းထားပြီဖြစ်သလို အရင်တပတ်က လက်ဘနွန်ကို တိုက်ခိုက်ခဲ့တဲ့အတွက် အီရတ်နဲ့ အရှေ့အလယ်ပိုင်းဒေသ တခုလုံးအတွက် ခြိမ်းခြောက်မြှုဖစ်သလို ဆူနီ၊ ဆူယိုက်နဲ့ ကဒ် ဆိုပြီး ကွဲပြားနေတဲ့ အီရတ်အတွက်လည်း အန္တရာယ်ဖြစ်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up