A d v e r t i s e m e n t With Us

အအုပ်အစည်းမပျက် ချီတက်ကြဖို့ လက်ကမ်းချင်ပါတယ်- မင်းကိုနိုင်

dvb3ဒီမိုကရက်တစ် ဖက်ဒ ရယ်ပြည်ထောင်စုပေါ် ထွန်းဖို့ အတွက် ပြည်သူ တရပ်လုံး နိုးကြားစေဖို့နဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပြီး ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင် စုဖြစ်ချင်တဲ့ အင်အားစုတွေ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို လိုအပ်တယ်လို့ ၈ လေးလုံး ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သုံးသပ်ပြောဆိုပါတယ်။ ၈၈၈၈ လူထုအရေးတော်ပုံ ၂၆ နှစ်ပြည့်အခါသမယမှာ ဒီဗွီဘီနဲ့ သီးသန့်အင်အားဗျူးမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဦးပေါ်ဦးထွန်း (ခေါ်) မင်းကိုနိုင်ဟာ လက်ရှိကာလမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်ဖြစ်ပါတယ်။   မေး။ ။ နောင်လာနောက်သား လူငယ်ကျောင်းသားတွေ သမိုင်းအမှန်ကို သိရအောင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ပုံရိပ်ကို စုတ်ချက်ကြမ်းကြမ်းနဲ့ ဆွဲပြပါလား။ ရှစ်လေးလုံးလှုပ်ရှားမှုကြီးရဲ့ လိုလားချက်တွေကိုပါ အကျဉ်းချုံး ပြန်ပြောင်းပြောပြ ပါလား။ ဖြေ။ ။ အဓိကကတော့ဗျာ အဲဒီတုန်းက တစ်ပါတီအာဏာရှင်စနစ်ကို လက်မခံဘူးဆိုတာကိုပြတဲ့၊ ဒါတွေရဲ့အနှစ်သာရကတော့ဗျာ အခွင့်ထူးခံတယ်၊ ဖိနှိပ်ချုပ်ခြယ်တယ်ပေါ့ဗျာ၊ ဒီနှစ်ခုကိုတော့ ပြည်သူတွေက သမိုင်းပေးတာဝန်အရ ထမ်းဆောင်ကြတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေဟာ သမိုင်းထဲမှာနေကြတာကိုးဗျ၊ အဲဒါ သမိုင်းပေးတာဝန်ပေါ့ဗျာ။ အဲဒီမှာ ကျနော်တို့က ကျောင်းသားက စခဲ့တယ်ဆိုပေမယ့် ကျောင်းသားချည်းပဲနဲ့တော့ တိုင်းပြည်တပြည်ရဲ့ ဘယ်သောအခါမှ အပြောင်းအလဲကို အပြီးသတ်မဖြစ်နိုင်ဘူး။ ဘာပါရလဲဆိုတော့ အဓိက ပြည်သူလူထု ပါရတာပဲဗျ။ အဲဒါကို ကျနော်က ပုံဖော်ပြီးတော့ပဲ ပြောချင်တယ်။ အဓိကကတော့ အဲဒီအရေးတော်ပုံကြီးတခုလုံး အောင်မြင်ခဲ့ရခြင်းဟာ အညတရပြည်သူတွေရဲ့ စွမ်းဆောင်ချက်တွေပဲဗျ။ အဲဒီမှာ မထင်မရှားနဲ့ အသက်စွန့်ရတဲ့သူတွေ ဘ၀တွေ ပေးဆပ်ရသူတွေရဲ့ဂုဏ်ကျေးဇူးကိုလည်း ကျနော်တို့ ဒီအချိန်မှာ ပြန်ပြီးတော့ရွတ်ဆိုကြရမယ်။ ပြီးတော့ သူတို့တွေ မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ရောက်အောင်လည်း ကျန်တဲ့သူတွေက ဆက်ပြီးတော့ နိုင်ရာတာဝန် ယူကြရမယ်ပေါ့ဗျာ။ အဲဒါဟာအဓိကပါ။ အဲဒီတော့ ကျနော်တို့ ကြမ်းကြုတ်တဲ့ တုံ့ပြန်မှုတွေလည်း ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ပြည်သူတွေ ရှေ့ကိုဆက်ပြီးတော့ ချီတက်ခဲ့ကြတယ်ပေါ့ဗျာ။ အဲဒါတွေဟာ သမိုင်းမှာတော့ မေ့ဖျောက်မရစကောင်းတဲ့အရာတွေအဖြစ် ထင်ကျန်စေချင်တာပါပဲ။ မေး။ ။ ၈ လေးလုံး လူထုအရေးတော်ပုံက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလ တပါတီ အာဏာရှင်ခေတ်ကို ၂၆ နှစ်နဲ့ နိဂုံးချုပ်နိုင်ခဲ့တယ်။ အဲဒီကနေ ဆက်ခံတဲ့ စစ်အာဏာရှင်စနစ်ကို ဒီကနေ့ ၂၆ နှစ်တင်းတင်ပြည့်တဲ့ အထိ နိဂုံးမချုပ်နိုင်သေးဘူး။ ဘာတွေ လိုအပ်ချက်ရှိနေသလဲ။ ဖြေ။ ။ ဒီလိုဗျ။ သူက တပါတီအာဏာရှင်လို့သာ ပြောရတာ၊ တကယ်တော့ ပင်စည်တခုရဲ့ အခွံ၊ အကာပဲ ကွာသွားတာ အလယ်က အနှစ်အသားက ကျန်ခဲ့တာ၊ အဲဒါ ဘာလဲဆိုတော့ စစ်အာဏာရှင်ကိုးဗျ။ အဲဒီတော့ အဲဒီအနှစ်အသားကို ကျနော်တို့က ဖယ်ရှားကြရဦးမှာပေါ့။ အဲဒီမှာ ဒီနေ့တော့ ပန်းတိုင်မရောက်သေးဘူးဆိုတာ အားလုံးလည်း သိပြီးသားပဲ။ အဓိကကတော့ ကျနောတို့ရဲ့ လိုအပ်ချက်တွေကို ပြန်စဉ်းစားတဲ့အခါမှာ အားသာချက်တွေလည်း ထည့်ပေါင်းရမှာပဲ။ အဲဒီတော့ ကျနော်တို့ရဲ့ လိုအပ်ချက်တွေမှာက ဘာလဲဆိုတော့ တစုတစည်းတည်း ချီတက်နိုင်တာမျိုး ဒီအချိန်မှာ လိုအပ်နေတယ်လို့ ကျနော် ယူဆတယ်။ ဆိုလိုတာကတော့ နိုင်ငံရေးအင်အားစုတွေရှိတယ်ဗျာ။ နောက် ရဟန်းသံဃာတွေ ရှိတယ်ဗျာ။ နောက် တိုင်းရင်းသားအင်အားစုတွေရှိတယ်။ တိုင်းရင်းသားအင်အားစုတွေဆိုတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရော လက်နက်မကိုင်တာတွေရော အကုန်ရှိတာပေါ့။ နောက်တခါကျတော့ ပြည်သူလူထု ကဏ္ဍ၊ ကောင်းပြီ အဲဒီမှာ နိုင်ငံရေးအင်အားစုတွေ ထဲမှာတော့ ဒီမိုကရေစီကို တကယ်တန်ဘိုးထားပြီး တကယ်လိုလားတဲ့ အင်အားစုတွေ စုမိဖို့လိုတယ်။ ဒီမိုကရေစီလို့တော့ လိုက်ကြွေးကြော်တယ် ဒါပေမယ့် ဒီမိုကရေစီနည်း မကျတာတွေကို လိုက်ထောက်ခံနေတယ်။ အဲ ပြီးတဲ့အခါကျတော့ လူပုဂ္ဂိုလ်ပြဿ နာ၊ နေရာပြဿ နာ အဲဒါတွေကျတော့ ဒီမိုကရေစီအင်အားစုစစ်စစ်လို့ ပြောဖို့ခက်တယ်။ အဲဒီမှာ နောက်တခါ ရဟန်းသံဃာတော်ထဲမှာဆိုရင်လည်း ဒီနေ့ အဲဒါ ခွဲခြားထားတာကို ကျနော်တို့ ရင်ဆိုင်နေရတယ်။ ပြန်ပြီးတော့ ကျနော်တို့ စုစည်းရဦးမှာ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို အာရုံပျက်စေမယ့် ကိစ္စတွေနဲ့ သင်းခွဲလာမယ့် ကိစ္စမျိုးကို ရဟန်းသံဃာထုအတွင်းမှာလည်း ကျနော်တို့ပြန်ပြီးတော့ စုစည်းရလိမ့်မယ်။ နောက်တခါ တိုင်းရင်းသားအဖွဲ့အစည်းတွေ။ တိုင်းရင်းသားတွေလိုလားနေတာက တန်းတူညီမျှရေး။ အဲဒီတော့ သူတို့ရဲ့ပန်းတိုင်က ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့။ အဲဒီတော့ ကျနော်တို့က ဒီမိုကရက်တစ် ပြည်ထောင်စုလည်း ဖြစ်ရမယ်ဆိုတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့အတွက် ကျနော်တို့က ဦးတည်တယ်။ အဲတော့ တိုင်းရင်းသား တွေရဲ့ ဖက်ဒရယ်ကိစ္စလည်း ကျနော်တို့အားလုံးရဲ့ကိစ္စ။ ပြည်ထောင်စုသားအားလုံးရဲ့ ကိစ္စဆိုတာ ကျနော်တို့ လေးနက်မှာပဲ။ အဲတော့ တိုင်းရင်းသားတွေဘက်ကလည်း ဒီဖက်က ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့်ဖြစ်ဖို့ ကိစ္စကို သူတို့ကလည်း လိုက်ပါဆောင်ရွက်ပေးရလိမ့်မယ်။ အဲဒါကြောင့် ဒီနှစ်ခုကိုမခွဲပါနဲ့လို့ ကျနော် အမြဲပြောတာပေါ့။ အဲဒီတော့ ကျနော်တို့က ဗျူဟာအရ ပြောမယ်ဆိုရင်တော့ ဒီနေ့ လက်ရှိ ဖွဲ့စည်းပုံနဲ့ ဘယ်လိုမှ မဖြစ်ဘူးဆိုတာကို အားလုံး သဘောတူကြပါတယ်။ အဲဒီအချက်ပေါ်မှာပဲ ကျနော်တို့ အခြေခံပြီး စဉ်းစားသင့်တယ်။ လက်ရှိဖွဲ့စည်းပုံမဖြစ်ဘူးဆိုတော့ ကျနော်တို့ဟာ အသစ်ဆွဲမလားတို့၊ ပြန်ပြင်မလားတို့ဆိုတဲ့ ကိစ္စတွေရှိတယ်။ ကျနော့်အမြင်ကတော့ တကြောင်းတည်း ပြင်ရင်လည်းပြင်တာပဲ၊ တအုပ်လုံး ပြင်ရင်လည်း ပြင်တာပဲ။ အဲဒီတော့ လက်တွေ့မှာတော့ ကျနော်တို့ဟာ ပြင်ဆင်ရေး လုပ်ငန်းတွေ ကို လုပ်နေကြတယ်။ ကောင်းပြီ။ အဲဒီ ပြင်ဆင်ရေးလုပ်ငန်းတွေမှာကတော့ အခြေခံအကျဆုံး ကတော့ ပုဒ်မ ၄၃၆ ကို ကျနော်တို့ အင်နဲ့အားနဲ့ ပြင်ဖို့ပဲ။ သူက ပင်မတံခါးဖြစ်နေတာကိုး။ အဲဒါပွင့်သွားရင် ကျန်တာတွေ ဆက်ပြီးတော့ ရမယ်ပေါ့။ အဲဒီအတွက် ကျနော်တို့အားလုံးက လေးနက်ပေးရမယ်။ ပူးပေါင်းပါဝင်မှု လုံးဝလိုအပ်တယ်။ ကောင်းပြီ တိုင်းရင်းသားတွေက ဖက်ဒရယ်ပြည်ထောင်စုအတွက် ကျပြန်တော့ ပြည်တွင်းငြိမ်းချမ်းရေး။ လတ်တလောဆိုရင် အပစ်အခတ်ရပ်စဲရေး။ အဲဒါတွေအားလုံးကလည်း ပြည်သူလူထုတစ်ရစ်လုံးက အင်နဲ့အားနဲ့ ပါနိုင်မှ တန်ကာကျမယ်ပေါ့။ အဲဒီတော့ ပြန်ပြီးတော့ ချုပ်လိုက်လို့ရှိရင် ပြည်သူလူထုရဲ့ နိုးကြားမှု၊ ပြီးတော့နိုးကြားလာပြီဆိုလို့ရှိရင် ပူးပေါင်းဆောင်ရွက်မှု အဲဒီနှစ်ဆင့်ကို ရအောင် ကျနော်တို့ ကျိုးစားရမယ်။ ပြီးတော့ ဒီအင်အားစုတွေအားလုံးပေါ့ ဒီစစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ချင်တဲ့အင်အားစုတွေ အားလုံးကလည်း ဟန်ချက်ညီညီ လှုပ်ရှားနိုင်ရမယ်။ အဲဒါကတော့ ဒီကနေ့မြင်ထားတဲ့ အခင်းအကျင်းအပေါ်မှာ သုံးသပ်ချက်ပါပဲ။ မေး။ ။ စစ်အုပ်ချုပ်ရေး နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီးတဲ့နောက် ဗိုလ်ချုပ်ကြီးတွေဟာ စစ်ယူနီဖောင်းကို ချွတ်ပြီး ချိတ်လုံခြည်နဲ့တိုက်ပုံတွေ ပြောင်းဝတ်ခဲ့ကြတယ်။ နေပြည်တော်က လွတ်တော်သုံးခုစလုံးမှာ စစ်ဗိုလ်က တမတ်သားအချိုးကျပါနေတယ်။ လက်ရှိရောက်နေတဲ့ ဖြစ်စဉ်ဟာ ၈ လေးလုံးလိုအင်ကို ဖြည့်ဆည်းနေတယ်လို့ မှတ်ယူနိုင်မလား။ သုံးသပ်ပြပါခင်ဗျာ။ ဖြေ။ ။ မေးခွန်းထဲမှာတင် အဖြေပါနေတာပေါ့ဗျာ။ တကယ်တော့ ပြည်သူလူထုလိုချင်တာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုလိုချင်တာကိုးဗျ။ ဒီစစ်ဗိုလ်ချုပ်တွေ အ၀တ်အစားလဲ ပြီးတော့ အရပ်သားဖြစ်သွားတာကို လက်ခံပါတယ်။ အဲ တခုပဲရှိတယ်။ အဲဒီ အာဏာကိုရယူတဲ့နည်းလမ်း မှန်ကန်ဖို့လိုတယ်။ နောက်တချက်ကတော့ လွှတ်တော်အပါအ၀င်ပေါ့ဗျာ။ အုပ်ချုပ်ရေးယန္တရား တွေမှာလည်း ပြည်သူလူထု ရွေးချယ်တင်မြှောက်မှု မဟုတ်ဘဲနဲ့ မိုးပေါ်ကကျလာသလို ဖြစ်နေတဲ့ကိစ္စတွေဟာ ကြီးစွာသော အဟန့်အတားဖြစ်နေတာပဲ။ အဲဒါ ဒီမိုကရေစီမှ မဟုတ်တာ ဗျာ။ အဲဒါကိုဒီမိုကရေစီပါလို့ ကျနော်တို့ လက်ခံလို့မရဘူး။ အဲဒါတွေအားလုံးဟာ ဆုပ်ကိုင်တဲ့ လူတွေအတွက် ဂုဏ်သိက္ခာရှိတဲ့ထွက်ပေါက်၊ ဂုဏ်သိက္ခာ ရှိတဲ့ ဆုတ်ခွာနည်းတွေ ဖြစ်အောင်လည်း ကျနော်တို့ဘက်က ၀ိုင်းပြီးတော့ စဉ်းစားပေးရမှာပဲ။ အဲ တခုရှိတယ် သူတို့ ကိုယ်တိုင်ကလည်း ဒါဟာဖြင့်ရင် ထာဝရ ဆုပ်ကိုင်ထားလို့မရဘူး။ အချိန်တန်လို့ရှိရင် ဖယ်ပေးရမှာပဲဆိုတာကိုတော့ သဘောတူထားဖို့တော့လိုတာပေါ့။ အဲဒီအချက်က အရေးအကြီးဆုံးပါ။ အဲဒီတော့ ဒီကနေ့ရောက်နေတဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ဟာ ရပ်တည်ခွင့်၊ လှုပ်ရှားခွင့်တွေကို ဒီထက်ပိုပြီးတော့ချဲ့ရမယ်။ ပြီးတော့ စုစည်းညီညွတ်မှု ယူရမယ်။ ပြည်သူနဲ့အတူတူ ဆက်ပြီးတော့ ချီတက်ရမှာပေါ့။ မေး ။ ။ လက်ရှိကာလရောက်ရှိနေတဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေနဲ့ ပတ်သက်လို့ အပါအ၀င် အခုလက်ရှိ ဆောင်ရွက်နေတဲ့ ဖြစ်စဉ်တွေအပေါ် အမြင်သုံးသပ်ပြပါခင်ဗျာ။ ဖြေ။ ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ အရင့်အရင်ကလည်း ရှိခဲ့ဖူးပါတယ်ဗျာ။ ပြည်လုံးကျွတ်ပဲ ဖြစ်ဖြစ်၊ တဖွဲ့ချင်းပဲဖြစ်ဖြစ်ပါ။ အဲဒါဟာ တကယ့်ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဖို့ပဲလိုတယ်ဗျ။ ကိုယ့်မှာ အကြောင်းကိစ္စ တခုခုရှိနေလို့ ယာယီထွက်ပေါက်အနေနဲ့တော့ မဖြစ်သင့်ဘူးဗျ။ အဲဒါက နံပါတ် ၁ အခြေခံအရေးအကြီးဆုံးပဲ။ ပြီးတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေလာလိမ့်မယ်။ အဲဒီမှာကျတော့ ဘာဖြစ်လာလဲဆိုတော့ ပြဿ နာက ကိုယ်စားပြုမှုပြသနာတွေရှိတယ်။ ကိုယ်စားပြုမှုဟာ ဒီထက်ပိုပြီးတော့ကျယ်ပြန့်ဖို့လိုတယ်။ ကျနော် ပြောချင်တာက နှစ်ဖက် လက်နက်ကိုင်ထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ သဘောထား ချည်းပဲ မကဘူး၊ မလုံလောက်ဘူး။ အဲဒီ သက်ဆိုင်ရာ တိုင်းရင်းသားတွေဖက်ကဆိုရင်လည်း တိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုတွေ သူတို့ရဲ့အသံတွေ။ သဘောထားတွေ ပါဖို့လိုတယ်။ တဖက်မှာလည်း ဒီအစိုးရဖက်ကလည်း တစ်ခါတည်း ဆွေးနွေးဆုံးဖြတ်ရင်ပြီးနိုင်မယ့် ကိုယ်စားလှယ်တွေ ဖြစ်ရလိမ့်မယ်။ ဆိုလိုတာကတော့ အစိုးရနဲ့တော့ သဘောတူတယ်၊ တပ်နဲ့ သဘောမတူလို့ နောက်တဆင့် အခက်အခဲဖြစ်နေပြန်တယ်။ ပျက်သွားပြန်တယ်ဆိုတာမျိုး ဖြစ်လို့မရဘူး။ အဲဒီတော့ ကိုယ်စားပြုမှုတွေက ရှင်းလင်းနေရမယ်။ ပြီးတော့ ကျုယ်ကျယ်ပြန့်ပြန့် တခါတည်းပါရမယ် ဒါကတော့ (၁) အချက်ပေါ့၊ (၂) အချက်က ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဘာကြောင့်လည်းဆိုတော့ အရင့်အရင်က ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ဓာတ်ပုံတွေထဲမှာတွေ့နေရတာပဲ။ သူတို့ လက်ဆွဲနှုတ်ဆက်နေကြ။ ဖက်လှဲတကင်း။ ကျနော်တို့မှာ ပျော်ရမလိုနဲ့ ပြီးတဲ့အခါကျတော့ ပြန်ပျက်တယ် ဘာကြောင့်ပျက်မှန်းလည်းမသိဘူး။ ဘယ်သူက စပြီး ချိုးဖောက်တာလည်း မသိဘူး။ အဲဒါသိရအောင်ကလည်း ဘာတွေ သဘောတူထားတယ်ဆိုတာ မသိရဘူး။ အပွင့်လင့်မြင်သာမှု မရှိဘူးပေါ့ဗျာ။ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ အဲဒီပွင့်လင်းမြင်သာမှုကို တတိယအချက်အနေနဲ့ ဘာနဲ့အားကောင်းအောင်ကျနော်တို့ ပံ့ပိုးရမလဲဆိုတော့ စောင့်ကြည့်နိုင်မှု။ အဲဒီစောင့်ကြည့်နိုင်မှုက ပွင့်လင်းမြင်သာမှု ရှိမှရမှာ။ ပွင့်လင်းမြင်သာမှု ရှိမှ ဘာတွေသဘောတူထားတယ်။ ဘာတွေ ဆက်ဆွေးနွေးမယ်ဆိုတာကို ကြေညာထားတယ် ဆိုရင် ဒီအပစ်အခတ်ရပ်စဲရေးဟာ ဘယ်သူ့ကြောင့် ကျိုးပေါက်ရလဲ၊ ဘယ်သူ့အလွန်လဲဆိုတာကို စောင့်ကြည့်နိုင်တဲ့ အင်အားစုတွေလိုတယ်။ အဲဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ကျယ်ပြန့်တဲ့အင်အားတွေ ပါဖို့လိုတယ်။ အဲဒီကမှတဆင့် အဲဒီသုံးချက်နဲ့ ပြည့်စုံပြီဆိုရင်တော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းမှုလာပြီ။ အဲဒါကို ကျနော်က ပြည်ထောင်စုညီလာခံလို့ အကြမ်းအားဖြင့် ခေါ်ချင်တယ်။ အဲဒါဟာ အားလုံးပါဝင်တဲ့ ဖြေရှင်းမှုတွေ ဆက်ပြီးတော့ သွားရပါလိမ့်မယ်။ မေး။ ။ ဒီမြန်မာပြည်ပြသနာကို ဖြေရှင်းရာမှာ ရှစ်ဆယ့်ရှစ်တုန်းက ကျောင်းသားလူငယ် ပြည်သူ သုံးထောင်သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ ဒါကို စုံစမ်းဖော်ထုတ်တာ မလုပ်နိုင်သေးဘူး။ ခုလောလောဆယ်မှာလည်းဘ၀တွေ အသက်တွေပေးပြီး ကိုယ်ကျိုးစွန့် လုပ်ဆောင်နေကြဆဲဖြစ်ပါတယ်။ သူတို့တတွေအတွက် မှတ်ချက်စကားပြောပေးပါ။ ဖြေ။ ။ ကျနော်တို့က တိုင်းပြည်ရဲ့ ပြောင်းလဲမှု အကောင်းဘက်ကို လိုလားတယ်။ ဆိုတော့ တဦးချင်း ပေးဆပ်တာက ကျနော့်တယောက်တည်းသဘောအရကတော့ မတွက်ချင်ဘူး။ ဒါပေမယ့် ကျန်တဲ့ နစ်နာဆုံးရှုံးတဲ့သူတွေရဲ့ အနည်းဆုံးတော့ ဖြစ်ရပ်မှန်တွေ၊ အချက်အလက် ကိန်းဂဏန်းတွေကိုတော့ ကျနော်တို့ ရအောင် စုဆောင်းပြီးတော့ ဖော်ထုတ်သင့်တယ်။ အဲဒီအတွက်ကဘယ်သူ့ကိုမှ စောင့်နေဖို့မလိုဘူးဗျာ။ ကျနော်တို့ အင်အားစုတွေကြားထဲမှာလဲ အဲသလို ကျဆုံးသွားတဲ့လူတွေ ပျောက်ဆုံးသွားတဲ့သူတွေ နစ်နာဆုံးရှုံးခဲ့တဲ့သူတွေရဲ့ စာရင်းဇယားကိုကောက်ဖို့ သင့်ပါတယ်။ တဖက်က ကျနော်တို့ဟာ တိုင်းပြည်ရဲ စနစ်အပြောင်းအလဲအတွက် ကျိုးစားနေကြတဲ့အချိန်မှာ ဒီအလုပ်ကို လုပ်နိုင်တဲ့သူတွေ ၀င်ပြီးတော့ ထမ်းရွက်သင့်တယ်လို့မြင်တယ်။ ကျနော်တို့က အချက်အလက်တွေ ၀ိုင်းကူညီပြီးတော့ ပေးနိုင်တယ်ပေါ့။ တကယ် စနစ်အပြောင်းအလဲကို ပြောင်းဖို့ ကျိုးစားနေကြတဲ့ သူတွေအတွက်ကျတော့ တချို့အလုပ်တွေဟာ ခွဲပြီးတော့မလုပ်နိုင်တော့တဲ့သဘောမျိုးရှိတယ်ဗျ။ အဲဒါကြောင့် အများရဲ့စုပေါင်းပြီးတော့ ဖော်ထုတ်မှုတွေလည်း လိုပါတယ်။ အဲဒီတော့ ကျနော် ချုပ်ပြီးတော့ ပြောလိုက်ရလို့ရှိရင် ပေးဆပ်ခဲ့ရမှုတွေအပေါ်မှာ ကျနော့်တဦးချင်းကတော့ ကျနော့်ကိစ္စကို မပြောလိုပေမယ့် ကျန်တဲ့သူတွေအတွက်ကတော့ မှတ်တမ်းမှတ်ရာတွေ ရှိသင့်တယ်။ ဘာကြောင့်လဲဆို သမိုင်းကိစ္စ ဖြစ်နေလို့။ တိုင်းပြည်မှာ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာ ပြောနိုင်မှ၊ သိသွားမှ၊ တန်ဘိုးကိုသိမှ တန်ဘိုးထားမှာကိုး။ တန်ဘိုးထားမှပဲ ဆက်ပြီးတော့ အလေးအနက် ဆက်ကျိုးစားကြမှာကိုး။ ဒါကြောင့်ပါ။ မေး။ ။ ၈ လေးလုံးငွေရတုဆုံးဖြတ်ချက်ဖြစ်တဲ့ ပြည်ထောင်စုညီလာခံခေါ်ယူရေး။ ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ သုံးချက်ဟာ တနှစ်အကြာမှာ ဘယ်လောက်အောင်မြင်တယ်လို့ သုံးသပ်မိလဲ။ ဖြေ။ ။ ကျနော်တို့ ဒီကိစ္စဟာ အချိန်ကာလကို စိတ်ကြိုက်သတ်မှတ်လို့တော့ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့၊ အရာပါတဲ့ အင်အားစုတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အင်မတန်လိုအပ်တယ်။ ဆိုလိုတာကတော့ဗျာ ကျနော်တို့ ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့ဗျာ အင်အားရှိနေကြတဲ့လူတွေဟာ ဒီကိစ္စမှာ တကယ် စိတ်ရောကိုယ်ပါ ပူးပေါင်းဆောင်ရွက်မှ ရလိမ့်မယ်။ ကျနော်တို့ဟာ စိတ်အခြေခံအားဖြင့် ရှင်းနေအောင် ကြိုးစားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလည်း ပါနေတယ်ဆိုတဲ့အခါကျတော့ အားလုံးပေါ့ ဒီမိုကရေစီကို ယုံကြည်တဲ့သူတွေဟာ တကယ်ယုံကြည်ဖို့လိုပြီးတော့ အဲဒီဖြစ်စဉ်ကြီးကို မြန်မြန်အကောင်အထည်ဖော်နိုင်အောင် ပူးပေါင်းဆောင်ရွက်မှု တကယ်လို တယ်ဗျ။ အဲဒီတော့ ဒါကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ အခါကျတော့ အာဏာရှိတဲ့ သူတွေနဲ့ အာဏာမဲ့တဲ့သူတွေရဲ့ စဉ်းစားပုံတွေဟာ တချို့နေရာတွေမှာ တူချင်မှ တူကြလိမ့်မယ်။ အာဏာကိုလက်ထဲယူထားသူတွေကကျတော့ သူတို့စိတ်ကြိုက် တစ်ဦးတည်း သဘောထားနဲ့ ခေါင်းစဉ်အရတော့ ပြည်ထောင်စုညီလာခံပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ အဲဒါမျိုးကို ခေါ်ချင်မှာပဲ။ ဒါက အစဉ်အလာအားဖြင့်လည်း ရှိပြီးသား။ ကျနော်တို့က တဦးတဖွဲ့တည်းကနေပြီးတော့ စိတ်ကြိုက် စီမံသွားတာမျိုး မဖြစ်ရပဲနဲ့ အားလုံးသဘောညီမျှပြီးတော့ ပူးပေါင်းပါဝင်တဲ့ ညီလာခံမျိုး ဖြစ်ဖို့လိုတယ်။ အာဏာမဲ့တဲ့သူတွေချည်းပဲ လုပ်နေလို့လည်း မပြီးဘူးဗျ။ ကျနော် ခုနပြောသလိုပေါ့ သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ကျနော်တို့ဟာ ဒီတိုင်းပြည်ရဲ့ အရေးကိတ်စတွေမှာ အရေးပါနေတဲ့အင်အားစုတွေအားလုံးဟာ သဘောညီမျှစွာ စည်းဝေးပွဲ ထဲကို ရောက်လာဖို့လိုတယ်။ အဲဒီအတွက်တော့ ကျနော်တို့ ခုနက စဉ်းစားပုံ စဉ်းစားနည်းတွေ ပေါ့ဗျာ အဲဒါတွေက အများကြားထဲမှာ သဘောကျေညက်အောင်လည်း ကျနော်တို့ ကျိုးစားရဦးမယ်။ ပြည်သူလူထုက နိုးကြားပြီးတော့ လိုက်ပါဆောင်ရွက်နိုင်အောင်လည်း အားထုတ်ရဦးမယ်။ ဒီတော့ နိုင်ငံရေးအင်အားစုတွေအားလုံးက ဒီဖြစ်စဉ်ထဲမှာ စိတ်ရောကိုယ်ပါ ယုံယုံကြည်ကြည်နဲ့ ပါနိုင်အောင်လည်း အားလုံး လက်တွဲပြီးတော့ ရှေ့ဆက်ရဦးမှာပေါ့ဗျာ။ မေး။ ။ မေးခွန်းကတော့ ကုန်ပါပြီ တခြားပြောစရာကျန်ပါသေးသလားဗျာ။ ဖြေ။ ။ ၈ လေးလုံးအမှတ်တရအနေနဲ့ ပြောချင်တာက ရှစ်လေးလုံးဟာ ပြည်သူတွေအတွက် အဘိဓမ္မာတရပ်ကို ပေးခဲ့ပါတယ်။ ဘာလဲဆိုတော့ ကျနော်တို့ပြည်သူတွေ ငြိမ်ပြီးတော့ ခံနေကြမယ်ဆိုရင် ပင့်ကူအိမ်တောင်မှ ကျနော်တို့ကို တုပ်နှောင်သွားလိမ့်မယ်။ အဲဒီတော့ ရုန်းထွက်ကြတယ်ဆိုရင် သံကြိုးတွေတောင်မှ ပြတ်နိုင်တယ်။ ဒါကြောင့် ရှစ်လေးလုံးမှာ ပြည်သူတွေ ရုန်းကြတာပါပဲ။ အောင်ပွဲပေါ။ အဲဒီအောင်စိတ်နဲ့ပဲ ဆက်ပြီးတော့ အတူတကွ အအုပ်အစည်းမပျက်ချီတက်ကြဖို့ ကျနော်အားလုံးကို လက်ကမ်းချင်ပါတယ်။ ကိုအေးနိုင်။ ကျေးဇူးတင်ပါတယ် ဒီဗွီဘီ ဒီမိုကရက်တစ်မြန်မာ့အသံကနေ။ ကိုမင်းကိုနိုင်။ ကျေးဇူးပါတယ်။  

A d v e r t i s e m e n t With Us

More News
Up