DVB Logo
Home
မြန်မာသတင်း
အမုန်းတရားကို မေတ္တာတရား သတင်းစကားဖြင့် တုံ့ပြန်ရန် သမ္မတတိုက်တွန်း
DVB
·
August 8, 2014
အမုန်းတရားကို  မေတ္တာတရား သတင်းစကားဖြင့် တုံ့ပြန်ရန် သမ္မတတိုက်တွန်း
Donate to DVB

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ မြန်မာနိုင်ငံမှာ ၄၇ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့ စတင်လိုက်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းသာယာဝပြောစေဖို့ ဘာသာရေး၊ လူမျိုးရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ သဟဇာမျှတမှု၊ သီးခံစိတ်မြှင့်မှုတို့ကို အလေးထားဆောင်ရွက်သွားဖို့ လိုတဲ့အကြောင်းနဲ့ အမှန်းတရား ပွားများစေတဲ့ သတင်းတွေကို လူနည်းစုက ဖြန့်ဝေလာကို မေတ္တာတရားပြန့်ပွားစေမယ့် သတင်းစကားနဲ့ တုံ့ပြန်ဖို့ သမ္မတ ဦးသိန်းစိန်က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။

z8“မေတ္တာတရားပြန့်ပွားစေမယ့် သတင်းတွေကို လူနည်းစုက ဖြန့်ဝေလာသလို ငြိမ်းချမ်းမှုကို လိုလားတဲ့ လူများစုကလည်း ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားကို ပွားများစေမယ့် သတင်းစကားများကို တုံ့ပြန် ပြန့်ပွားစေရမှာ ဖြစ်ပါတယ်။”

စစ်ပွဲနဲ့ ပဋိပက္ခမရှိတာဟာ အာဆီယံရဲ့ အခြေခံ သရုပ်လက္ခဏာ ဖြစ်ပြီး အစွန်းတရားတွေကို ရှောင်ရှားဖို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။

အာဆီယံအသိုက်အ၀န်းထူးထောင်ဖို့ ၈၀ ရာခိုင်နှုန်းပြီးစီနေပြီဖြစ်လို့ အားလုံးညီညီ ညွတ်ညွတ် ကြိုးပမ်းသွားဖို့၊ ဒါ့အပြင် အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ အောင်မြင်မြင် ကျင်းပနိုင်တဲ့အပေါ်ကိုလည်း မြန်မာသမ္မတက ချီးကျူး ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ တခြားအာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့အတူ သက်ဆိုင်ရာ ဥက္ကဋ္ဌတွေ လုပ်ဆောင်သွားတဲ့ အောင်မြင်မှုတွေကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ပြောပါတယ်။

နှစ်စဉ် ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာ ဒေသတွင်းကို အကျိုးသက်ရောက်မယ့် နိုင်ငံရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေးကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဒီအစည်းအဝေးဟာ ဘယ်လောက် ထူးခြားမှု ရှိပါသလဲ။ အာဆီယံအရေးကျွမ်းကျင်သူ ထိုင်းနိုင်ငံက ၀ါရင့်သတင်းစာ ဆရာ က၀ီချောင် ကစ်တ၀မ်က အဓိကကျတဲ့ နိုင်ငံတွေကို ဆွဲဆောင်နိုင်တဲ့ မြန်မာရဲ့ အာဆီယံ ဥက္ကဋ္ဌ တာဝန်က အရမ်းကို အရေးပါတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီနှစ်မြန်မာ ဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုက တကယ့်ကို ထိပ်တန်းရောက်နေတဲ့အချိန်ပါ။ မြန်မာက ဒီအခြေအနေကို ကောင်းကောင်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ ဒါအပြင် အခုလမှာလည်း ကိုရီးယား ကျွန်းဆွယ် အရေးက ပြန်ပြီး ထိပ်တန်း ရောက်လာပါတယ်။ ဒါကိုလည်း မြန်မာက ကောင်းကောင်း ဖြေရှင်းနိုင်မယ် မျှော်လင့်ပါတယ်” လို့ သူက ပြောပါတယ်။

အာဆီယံအတွင်းရေးမှူးချုပ် လီမြောင်မင်း (Le Luong Minh) က ၂၀၁၅ အာဆီယံ အသိုင်းအ၀န်းနဲ့ ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုင်းအ၀န်း ဖွံ့ဖြိုးမှု အမြင် ထူထောင်ရေးအတွက် အရှိန်အဟုန်နဲ့ လုပ်ဆောင်နိုင်ဖို့ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးက အရေးပါတယ်လို့ ဆိုပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေမှာ အာဆီ ယံနိုင်ငံခြားရေး ၀န်ကြီးတွေဟာ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုးရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။

အာဆီယံ ၀န်ကြီးများအစည်းအဝေးအပြင်၊ ဥရောပ သမဂ္ဂနဲ့ ၂၆ နိုင်ငံ ပါဝင်တဲ့ ၂၁ ကြိမ်မြောက် အာဆီယံဒေသတွင်း ဖိုရမ် ARF အစည်းအဝေး၊ အာဆီယံ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ASEAN + 3 ဆွေးနွေးပွဲနဲ့ အရှေ့အာရှထိပ်သီး အစည်းအဝေးတွေလည်း ကျင်းပသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013