DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပါ အရည်အချင်းသတ်မှတ်ချက်ဖြင့် တပ်ကိုယ်စားလှယ် အစားထိုးရွေးချယ်
DVB
·
August 8, 2014
ဖွဲ့စည်းပုံပါ အရည်အချင်းသတ်မှတ်ချက်ဖြင့် တပ်ကိုယ်စားလှယ် အစားထိုးရွေးချယ်
Donate to DVB

လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန် ခုရက်ပိုင်းအတွင်း လွှတ်တော်အသီးသီးက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အများအပြားကို အသုတ်လိုက် အစားထိုး ပြောင်းလဲခန့်အပ်မှုတွေ ရှိနေပါတယ်။

parliment3အခုရက်ပိုင်းထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တွေက တပ်ကိုယ်စားလှယ် အမြောက်အမြား အစားထိုးလဲလှယ်နေတဲ့ ကြေညာချက်တွေ ဆက်တိုက်တွေ့နေရတာပါ။

ဒီကြေညာချက်နဲ့ ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ကာကွယ်ရေးဦးစီးချုပ်ပို့ပေးတဲ့ ကိုယ်စားလှယ်တွေကို စိစစ်ပြီး ကြေညာပေးတာလို့ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အခန်း ၈ မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဥပဒေ ပုဒ်မတွေအနေနဲ့ဆိုရင် ၃၀၊ ၃၁၊ ၃၂ ပေါ့။ အဲဒီမှာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေပြီး သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ကော်မရှင်ကို အမည်စာရင်း ပေးပို့တယ်။ ပေးပို့ရင် ကော်မရှင်က စိစစ်မယ် စိစစ်ပြီးရင် အများပြည်သူ သိရှိရန် ကြေညာရမယ်။ ဒါကျနော်တို့ ကော်မရှင်က လုပ်ရမှာ။
“နောက်တခါ ၃၂ မှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်က အမည်ပေးသွင်း ထားတဲ့ ပုဂ္ဂိုလ်တဦးဦးဟာ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက်တခုခုနဲ့ ငြိစွန်းတာကို စိစစ်တွေ့ရှိရင် ကော်မရှင်က အဲဒီလွှတ်တော်ကိုယ်စားလှယ်ကို အခြား လွှတ်တော်ကိုယ်စားလှယ် တဦးဦးနဲ့ အမည်စာရင်း အစားထိုး ပေးဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်လို့ရတယ်။ ဥပဒေ ၃၃ မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သူအမည်စာရင်းတင်သွင်းထားတဲ့ ကိုယ်စားလှယ်တဦးဦးကို အစားထိုး ပြောင်းလဲလိုလျှင် ကော်မရှင်ကို အကြောင်းကြားတဲ့အခါမှာ အဲဒီအစားထိုးပြောင်းလဲလိုတဲ့ ကိုယ်စားလှယ် အမည်ကိုလည်း ကျနော်တို့ကော်မရှင်က စိစစ်ပြီး ကြေညာပေးရမယ်။ ပြောင်းလဲခံရတဲ့ ကြေညာတဲ့ နေ့ကစပြီးတော့ မူလကိုယ်စားလှယ်ကတော့ ပျက်သွားတယ်ဆိုတာကို ပုဒ်မ ၃ ခုနဲ့ ထည့်ပေးထားတယ်။ ”

ကာကွယ်ရေးဦးစီးချုပ်က ဘယ်လိုမူနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို ရွေးချယ်နေတာပါလဲ။ သမ္မတရုံး၊ ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ စစ်သား ကိုယ်စားလှယ် ရွေးချယ်ရာမှာ ဖွဲ့စည်းပုံပါ ကိုယ်စားလှယ် အရည်အချင်း သတ်မှတ်ချက်နဲ့ရွေးပြီး အစားထိုးရွေးချယ်တဲ့အခါမှာလည်း ဒီအတိုင်းပဲ ရွေးချယ်တယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းအခြေခံဥပဒေမှာပါတဲ့ လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း သတ်မှတ်ချက်တွေ ရှိတယ်။ အဲဒါနဲ့ ကိုက်ညီတဲ့အရာရှိတွေကို ရွေးတယ်။ အဲဒီအထဲမှာမှ အခါအားလျှော်စွာ သင်တန်းတို့ဘာတို့နဲ့ အဲဒီလိုမျိုးဟာနဲ့ကြုံရင် လူစားလဲတဲ့အခါမှာလည်း အဲဒီအရည်အချင်းနဲ့ ရွေးပါတယ်။”

တပ်မတော်သားကိုယ်စားလှယ်တွေကို ကာချုပ်က ရွေးပြီး ကော်မရှင်က စိစစ်ကြေညာပေးနိုင်တဲ့အတွက် အစိုးရအနေနဲ့ သူခန့်လိုတဲ့ ၀န်ကြီးချုပ်ကို ကိုယ်စားလှယ်အစားထိုးတဲ့နည်းနဲ့ ပြောင်းလဲ အစားထိုးခန့်နိုင်ခဲ့တာ ပြီးခဲ့တဲ့ ရခိုင်ဝန်ကြီးချုပ် ခန့်အပ်ခဲ့တာမှာ အထင်အရှား တွေ့မြင်ခဲ့ရပါတယ်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ စစ်သားအမတ်ရွေးတဲ့ကိစ္စကို ဖွဲ့စည်းပုံအခြေခံဥပဒေဆွဲကတည်းက စီမံခဲ့ပုံရပြီး ဖွဲ့စည်းပုံပြင်ဖို့ထဲ ဒီအချက် ပြင်ပါ့မလား စောင့်ကြည့်ရမယ်လို့ သုံးသပ်ပါတယ်။

“တပ်မတော်သားကို အဲဒီလိုမျိုး ၀န်ကြီးချုပ်ခန့်နိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေက အစောကတည်းက စီစဉ်ထားပုံရတယ်။ အဲဒီတော့ တိုင်းရင်းသားတွေ တောင်းဆိုတဲ့ ၀န်ကြီးချုပ်ကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေက ရွေးကောက်တင်မြှောက်ခွင့် ပြုဖို့ဆိုတဲ့ဟာက ဒီတပတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့ဟာက ပြင်ပေးပါ့မလား မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုရခိုင်ကိစ္စမှာဆိုရင် ဖွဲ့စည်းပုံအခြေခံပါ ပုဒ်မကို အသုံးပြုပြီးတော့မှ သူတို့ခန့်ချင်တဲ့ လူကို ထည့်လိုက်တာပဲလေ။”

ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၄၀၀ ကျော်ရှိပြီး တပ်ကိုယ်စားလှယ်က ၁၀၀ ကျော်၊ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၆၀ ကျော်ရှိပြီး တပ်ကိုယ်စားလှယ်က ၅၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013