Home
မေးမြန်းခန်း
သြဂုတ် ၁၁ ရက် နိုင်ငံရေးပါတီအားလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းမည်
အေးနိုင်
·
August 7, 2014
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ ရက်ပေါင်းခြောက်ဆယ်အတွင်း framework meeting ဆောင်ရွက်ဖို့နဲ့ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း (၉၀) အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (political dialogue) ဆောက်ရွက်ဖို့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ နှစ်ဖက်အကြားရရှိထားတဲ့သဘောတူညီချက်တွေထဲမှာ အရေးအကြီးဆုံး သဘောတူညီချက်တွေဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာကဦးလှမောင်ရွှေက ပြောပါတယ်။ ဦးလှမောင်ရွှေက framework meeting ဆောင်ရွက်ခြင်းဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက်၊ အစီအစဉ်ချမှတ်တာ၊ ဆုံးဖြတ်ချက်ချမှတ်တာ၊ တက်ရောက်မယ့်သူတွေကို ဖြစ်သင့်တဲ့ စံနှုန်းသတ်မှတ်တာတွေအတွက် ဆွေးနွေးပွဲဖြစ်တယ်လို့ ရှင်းပြပါတယ်။ [caption id="attachment_53037" align="alignright" width="300"]ဦးလှမောင်ရွှေ ဦးလှမောင်ရွှေ[/caption] အန်စီစီတီကို မနှစ်နှစ်ကုန်ပိုင်းတုန်း က ကချင်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) လိုင်ဇာဌာနချုပ်မှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ ညီလာခံကနေ ဖွဲ့စည်းတာဝန် အပ်နှင်းလိုက် တာဖြစ်ပါတယ်။ အန်စီစီတီဟာ ငါးလကျော်ကာလအတွင်း အစိုးရနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ဒုတိယမူကြမ်းကို ပူးတွဲရေးဆွဲနိုင်ခဲ့ပြီး နှစ်ဘက်အကြား သဘောတူညီချက်မရသေးတဲ့အချက် (၃၁) ချက်ကို လာမယ့်သြဂုတ်လ ၁၅ ရက်ကနေ ၁၇ ရက်ထိ ရန်ကုန်မှာ ယူပီဒဗလျူစီ နဲ့ အန်စီစီတီ တို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမတိုင်ခင်မှာ ယူပီဒဗလျူစီ နဲ့ အန်စီစီတီ  အဖွဲ့ဝင်တွေဟာ သြဂုတ် ၁၁ ရက်နေ့ကျရင်  မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေ ကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဖိတ်ကြားရှင်းလင်းမှာဖြစ်သလို ဆွေးနွေးပွဲပြီးတဲ့အခါ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် မူဘောင်နဲ့ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးကြမယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒီဗွီဘီသတင်းထောက် ကိုအေးနိုင်က ဦးလှမောင်ရွှေကို တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။ ဒီနှစ်ချက်ဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လောက်အရေးကြီးတဲ့အချက်တွေလဲဆိုတာ ဖြေပေးပါခင်ဗျာ။ “အရင်အစိုးရအဆက်ဆက်ကလည်း ငြိမ်းချမ်းရေးကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် (political dialogue နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာရေး အဆင့်ကို မရောက်ခဲ့ဘူးဗျ။ အခု ဒီအစိုးရလက်ထက်မှာတော့ political dialogue ကို ရောက်အောင်လို့ သွားနေတဲ့အချိန်မှာ တိုင်းရင်းသားတွေဘက်က နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ပဋိပက္ခကြားထဲမှာ ယုံကြည်မှုလျော့နည်းတာနဲ့ ယုံကြည်မှု ပျောက်တဲ့အခါ အာမခံချက်တွေအရ အစောကတည်းကိုက ပေးထားတာရှိတယ်။ အဲတော့ ရက်ပေါင်း ၉၀ အတွင်းမှာ political dialogue စပါမယ်လို့ ပေးထားတာကိုက ဒါဟာ အာမခံချက်ပါပဲ။ ဒါဟာ ကျနော့်အမြင်ပြောရရင်တော့ အရေးကြီးဆုံးအချက်ပါပဲ။ ကျန်တဲ့အချက်တွေကတော့ ကျနော်တို့ ညှိနှိုင်းလို့ အနည်းနဲ့အများ ပြီးသွားမယ်။ ဒီအချက်ကတော့ နှစ်ဘက်စလုံးက သဘောတူပြီးသားဖြစ်တဲ့အတွက် ဒါကိုက ကျန်တဲ့ ညှိနှိုင်းစရာတွေအပေါ်မှာ အထောက်အကူဖြစ်တယ်လို့ ကျနော်တော့ ဒီလိုပဲမြင်မိပါတယ်။ ဦးလှမောင်ရွှေက အရေးကြီးတယ်ဆိုတဲ့နှစ်ချက်ထဲမှာ ထပ်အရေးကြီးတာကို တွေ့တာက တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ လို့ နှစ်ချက်စလုံးမှာပါတော့  တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ကိစ္စနဲ့ပတ်သက်လို့ရော နှစ်ဘက်အကြား ဘယ်လောက်ထိအောင် နီးစပ်နေပြီလဲ။ ဆိုလိုတာက တိုင်းရင်းသားတွေ ပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လို့ အစိုးရဘက်က (ဦးလှမောင်ရွှေကလည်း အစိုးရဘက်က တွေ့ဆုံပွဲတွေမှာ တောက်လျှောက်တက်နေတယ်ဆိုတော့လေ။) အဲဒီကိစ္စကကော လက်မှတ်ရေးထိုးဖို့အတွက် သဘောတူလိုက်ပြီလားခင်ဗျာ။ အဲလိုတော့ ကျနော်ပြောတဲ့သဘောတော့ မဟုတ်ဘူးခင်ဗျ။ ကျနော်ဆိုလိုတဲ့သဘောကတော့ လက်မှတ်ရေးထိုးဖို့ဆိုတာကိုက နှစ်ဖက်လုံးကနေပြီးတော့ အားလုံးညှိလို့ပြီးမှ ထိုးလို့ရမှာပါ။ ညှိလို့မပြီးမချင်း တချက်ကျန်မယ်ဆိုလည်း ထိုးလို့မရသေးဘူး။ အဲတော့ ထိုးပြီးတာနဲ့ ခုနအချက်က ကြိုပြီးတော့ သဘောတူထားတဲ့အချက်က ကောင်းမွန်တဲ့အချက်ပဲလို့ ပြောတာပေါ့။ တဖက်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း တိုင်းရင်းသားတွေဘက်က ဖက်ဒရယ် ဖက်ဒရယ် ပြောတဲ့ဟာက ဘယ်လို ဖက်ဒရယ်ပုံစံကို သွားမလဲဆိုတာ political dialogue (နိုင်ငံရေးဆွေးနွေးပွဲ) မှာမှ ဆွေးနွေးရမယ့် သဘောရှိတယ်။ ကျနော်တို့ ၂၀၀၈ အခြေခံဥပဒေကို ကျနော်ပြောတာကို ကြိုက်ခြင်း မကြိုက်ခြင်းထက် အခြေခံမှာကိုက အာဏာခွဲဝေမှုတွေရှိတဲ့ပုံစံက ဒါက ဖက်ဒရယ်ရဲ့အခြေခံပဲပေါ့။ အာဏာခွဲဝေတဲ့ပုံစံက။ အဲတော့ ဒီဟာကို ပြည့်စုံအောင်တော့ ကျနော်တို့ သွားကြမယ်။ အဲဒီတော့ ပြည်ထောင်စု အစိုးရဘက်ကလည်း သမ္မတကြီးအနေနဲ့ သူ့ရဲ့ မိန့်ခွန်းတွေမှာ သူပြောထားတဲ့ကိစ္စကတော့ တိုင်းပြည်က ခွဲထွက်တာနဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ ကိစ္စက လွဲလို့ရှိရင် ကျန်တာတွေကို ဆွေးနွေးဖို့အတွက် သူ့အတွက် လမ်းဖွင့်ပေးထားတယ်လို့ အကြိမ်ကြိမ်ပြောထားတဲ့အတွက် ဒါဟာလည်း ကျနော့်အမြင်ပြောရရင်တော့ ညှိနှိုင်းယူလို့ရမယ်ထင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024