DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တ၀န်း ရေကြီး မြေပြို၊ ၁ ဦး သေဆုံး
DVB
·
August 6, 2014
မွန်ပြည်နယ်တ၀န်း ရေကြီး မြေပြို၊ ၁ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်အတွင်း မြို့နယ်အတော်များများမှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ခရီးသွားလာရေး အခက်တွေ့နေပြီး တချို့နေရာတွေမှာ လူသေဆုံးမှုတွေ ရှိနေပါတယ်။

မွန်ပြည်နယ်တွင်း ပြီးခဲ့တဲ့အပတ်လောက်ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သထုံ၊ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေပါတယ်။

[caption id="attachment_61774" align="alignleft" width="300"]ဓာတ်ပုံ - Min Burma ဓာတ်ပုံ - Min Burma[/caption]ကျိုက်ထိုမြို့မှာ သြဂုတ် ၅ ရက်နေ့ နေ့ခင်းလောက်က တောင်ကျရေကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုဖြစ်ပြီး ကားလမ်းပေါ် ရေကျော်တက်တဲ့အတွက် အသွားအလာ ရပ်ခဲ့ရသလို လူပေါင်း ၈၀၀ လောက် ရေဘေးကယ်ဆယ်ရေးစခန်း ပို့ဆောင်ထားရတယ်လို့ ကျိုက်ထိုမြို့ခံ ဒေါက်တာခင်ဆောင်က ပြောပါတယ်။

“ရေကြီးတယ် ဆိုတာ တောင်ကျရေကြောင့်ပေါ့။ မိုးရွာပြီး တောင်ပေါ်က ကျလာတဲ့ ရေတွေက ကားလမ်းကို ဖြတ်သွားတာ မနေ့ကဆိုရင် နေ့လယ် ၂ နာရီလောက်နေ ညအထိ ပေါ့။ ကားကြီးပဲ ဖြတ်လို့ရတယ်။ ကားသေးဆိုရင် ဖြတ်မရဘူး။ ရေစီးသန်တော့ ကားသေးဆိုရင် မျှောပါသွားမှာ ကြောက်လို့။ ကားလမ်းဘေးမှာ ရှိတဲ့ ရပ်ကွက်က ရေမြှုပ်နေလို့ လူ ၈၀၀ လောက် ဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ထားပြီး ထမင်းထုတ်တွေ ဝေနေရတာပေါ့။”

ဒီမနက်မှာတော့ ကားတွေပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီလို့ ဆိုပါတယ်။

အလားတူ သြဂုတ် ၅ ရက်နေ့ မနက်ပိုင်းကလည်း ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး စေတီ တောင်တက်လမ်းမှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး တောင်တက်လမ်းက ဈေးဆိုင် ၃ ဆိုင်ပြိုကျလို့ လူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၂၂ အရွယ် မကြူကြူသင်းဖြစ်ပြီး အ၀တ်လျှော်နေချိန် မြေပြိုမှုကြောင် မြေကြီးတွေနဲ့အတူ ပါသွားပြီး သေဆုံးခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

သထုံမြို့နယ် ကျိုက်ကော်မှာလည်း တောင်ကျရေကြောင့် ကျိုက်ကော်ဈေးက ပစ္စည်း တချို့ မျောပါခဲ့သလို အသွားအလာလည်း ရပ်တန့်ခဲ့ရတယ်လို့ သံထုံမြို့ခံ စောထွန်းဝင်းက ပြောပါတယ်။

“မနေ့ကပဲ မိုးတနေကုန်ရွာတော့ တောင်ကမ်းပါးတွေ ပြိုပြီး ရေတအားဆင်းတော့ လမ်းပိတ်သွားတယ်လေ။ ကျိုက်ကော် တံတားမှာပေါ့။ တံတားမှာ ရေက တအားများတော့ ဆိုင်ကယ်ပါ မျောပါတယ်။ ကျိုက်ကော် ဈေးထဲက ဆိုင်ခန်းတွေ ပျက်စီးသွားတယ်။ ခုံတွေ ဘာတွေ အကုန်မျောသွားတယ်။ အခုတော့ ရေကျသွားပြီ။”

ဘီးလင်းမြို့နယ်ဘက်မှာလည်း အလားတူ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း ဒီကနေ့ မနက်ကစပြီး သံတွဲချောင်းရဲ့ တောင်ကျရေကြောင့် တမြို့လုံးနီးပါး ရေကြီးနေပြီး ရေဘေးဒုက္ခသည်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းက ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေကြပါတယ်။

သံတွဲချောင်းရေဟာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်မြင့်တက်နေပြီး ချောင်းဖျားမှာ မိုးဆက်ရွာနေမယ်ဆိုရင် ရေဆက်တက်လာနိုင်တယ်လို့ သံတွဲခရိုင် မိုးလေဝသနဲ့ ဇလဗေဒဦးဌာနက ပြောပါတယ်။

ရေကြီးမှုကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားလိုက်ရပြီး ဒီကနေ့ မနက် ၁၀ နာလောက်က သံတွဲ-ဂွလမ်းရဲ့ မြို့အထွက် ၂ ဖာလုံလောက်မှာ ရေ ၃ ပေကျော်မြင့်တက်နေပြီလို့ ဒေသခံတဦးက ပြောပါတယ်။

ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည် မိသားစုတွေဟာ နီးစပ်ရာကယ်ဆယ်ရေး စခန်းတွေဆီ ရွှေ့ပြောင်းရောက်လာကြပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း လိုက်လံကူညီပေးနေရပါတယ်။
သံတွဲမှာ အခုလို တောင်ကျချောင်းရေကြီးမှုဟာ ဒီနှစ်မိုးရာသီမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၄ ခုနှစ်တုန်းကလည်း ဆိုးဆိုးရွားရွားရေကြီးခဲ့တယ်လို့ သိရပါတယ်။
ဒီတပတ်အတွင်း မိုးများတဲ့အတွက် မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီ၊ စစ်တောင်းနဲ့ သံလွင်မြစ်ရေတွေ မြို့တချို့မှာ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလည်း ရေကြီးရေလျှံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013