Live
Home
မြန်မာသတင်း
ဒိုက်ဦးမြို့နယ်က လယ်သမားအမှု သြဂုတ် ၁၄ ရက်နေ့ အမိန့်ချမည်
အေးနိုင်
·
August 6, 2014
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ သူတပါးလယ်ထဲ ၀င်ရောက်လမ်းဖောက်သူ စီးပွားရေးလုပ်ငန်းရှင်က လယ်ပိုင်ရှင်မိသားစုအပေါ် တရားစွဲဆိုတဲ့အမှုကို လာမယ့်ရက်ပိုင်းအတွင်း တရားရုံးက အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။ ဒိုက်ဦးမြို့နယ် ပန်းကိုင်ကျေးရွာက လယ်သမား ဦးအောင်ဝင်းတင် ပိုင်တဲ့ လယ်မြေပေါ်မှာ စီးပွားရေး လုပ်ငန်းရှင် ဦးလှအောင်ဆိုသူက ကုန်ထုတ်လမ်းအဖြစ် စတင်ဖောက်လုပ်ရာက ဒီပြဿ နာ စတယ်လို့ တရားစွဲခံရသူတွေရဲ့ ရှေ့နေဦးတင်အုန်းက ပြောပါတယ်။ dige ooဒီကုန်ထုတ်လမ်းကို ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဆည်မြောင်းနဲ့ မြေစာရင်းနဲ့ စိုက်ပျိုးရေးဌာနတို့ရဲ့ ထောက်ခံမှုနဲ့ ဖောက်ခဲ့တာလို့ ဆိုပါတယ်။ ဒီလမ်းဖောက်တဲ့အပေါ် စိုက်ပျိုးတာကို လယ်သမား ဦးအောင်ဝင်းတင်ကို လွန်ခဲ့တဲ့နှစ်ပိုင်းတုန်းက တရားစွဲဆိုတာကြောင့် ထောင် ၁ လ ကျခံခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်ဝင်းတင်ဟာ သူ့လယ်မှာ လမ်းဖြတ်တာကို မလိုလားတဲ့အတွက် မြောင်းဖောက်ခဲ့တာကြောင့် ခုတကြိမ်မှာတော့ ဦးလှအောင်က လယ်သမား ဦးအောင်ဝင်းတင်၊ ဇနီးနဲ့သားတို့ သုံးဦးလုံးကို ဒိုက်ဦးမြို့နယ်တရားရုံးမှာ လမ်းပိတ်ဆို့မှုနဲ့ ဒုတိယအကြိမ် တရားစွဲတာလို့ ရှေ့နေ ဦးတင်အုန်းက ပြောပါတယ်။ “ဦးလှအောင်ကို အုပ်ချုပ်ရေးမှူးရုံးကနေပြီးတော့ တရားလိုလုပ်ပြီး စွဲခိုင်းတယ်ဗျ။ အမှန်တကယ်ကတော့ ဒီလမ်းက ဦးလှအောင်တယောက်တည်း သွားဖို့ လမ်းဖောက်တာပဲ။ ဦးလှအောင်ဆိုတဲ့သူကတော့ ဒိုက်ဦးမြို့နယ်မှာ သူက ခရိုနီတယောက်ပေါ့။ အရာရှိအရာခံ ဌာနဆိုင်ရာတွေကို အကျိုးပြုနေတဲ့သူပေါ့ဗျာ၊ ဦးအောင်ဝင်းတင်က သက်သေထည်တဲ့ နေရာမှာ ရုံးချိန်နောက်ကျတဲ့အတွက် ပယ်တယ်။ ပယ်ပြီးတော့ ၁၄ ရက်နေ့ကို အမိန့်ချမယ်ဆိုပြီးတော့ ချိန်းလိုက်တယ်ဗျ” လို့ ပြောပါတယ်။ လယ်သမားနဲ့သားကို လမ်းပိတ်ဆို့မှု၊ ဆဲဆိုမှု ၂ မှုနဲ့ စွဲဆိုပြီး လယ်သမားရဲ့ဇနီးကိုတော့ ဆဲဆိုမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းနဲ့ ဆည်မြောင်းတို့အနေနဲ့ သူတပါးပိုင်လယ်ထဲကနေ လမ်းဖြတ်ဖောက်ပိုင်ခွင့်မရှိကြောင်းနဲ့ ဒီလမ်းကို ကုန်ထုတ်လမ်းလို့သာ အမည်ပေးထားပေမယ့် ဦးလှအောင်တယောက်တည်း အသုံးပြုနေတဲ့ လမ်းဖြစ်သလို လမ်းရှိနေလျက်သားနဲ့ ဖြတ်လမ်းအဖြစ် ဖောက်လုပ်တာသာဖြစ်တယ်လို့ သက်သေတွေကလည်း ထွက်ဆိုကြကြောင်း ဦးတင်အုန်းက ပြောပါတယ်။ လယ်သမား ဦအောင်ဝင်းတင်က သူဟာသူပိုင်ဆိုင်တဲ့ ပန်းကိုင်ကျေးရွာ မင်းဂလွန်းကွင်းအမှတ် ၃၉၅ ဃ ကွင်းမှာ လုပ်နေတာဖြစ်ပေမယ့် ပထမတကြိမ်တုန်းကလည်း ကျေးရွာဥက္ကဋ္ဌက စွဲဆိုလို့ ထောင် ၁ လ ကျခံခဲ့ရသလို အခုလည်း အင်းသူဌေး ဦးလှအောင်က ထပ်မံစွဲလို့ အမှုရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ “ကျနော့်လယ်ပေါ်မှာ ခဏသွားဖို့ အုပ်ချုပ်ရေးမှူးက လမ်းလေးတောင်းလို့ ကျနော်က ပေးခဲ့တယ်။ နောက်ပိုင်းလည်းကျရော ကျနော့်ပဲတွေ ကျနော်ပြန်စိုက်တဲ့အခါကျတော့ လမ်းပိတ်ဆို့တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးကနေပြီး ကျေးရွာဥက္ကဋ္ဌကို တရားလိုလုပ်ပြီး ပထမတချီ တရားစွဲခိုင်းသေးတယ်။ အဲဒီတုန်းကမတရားသူတို့က အာဏာဖီဆန်တယ်ဆိုပြီး ပထမ ထောင် ၁ လ ချလိုက်တယ်။ အခု ဒုတိယတခါလည်း ဒီလိုပဲ၊ ကျနော်က ကျနော့်လယ်ကွက်ထဲ ကျနော် ပဲတွေ စိုက်တာကို အဲဒီသူဌေးတဦးက ဖျက်ဆီးပစ်လိုက်တယ်။ အင်းသူကြီးပေါ့လေ၊ သူကဖျက်ဆီးပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြန်တာပဲ။ ပေါင်းပြီး ဒီလမ်းကို ဒီလမ်းကို သူတဦးတည်းသွားတာ၊ သူသွားတဲ့လမ်းကို ပိတ်ပါတယ်ဆိုပြီး အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ကျနော့်ကို တရားပြန်စွဲတယ်။ ဖြေရှင်းနေရတာ ၂ နှစ်ရှိနေပြီ” လို့ ပြောပါတယ်။ လယ်သမားအရေး လိုက်ပါဆောင်ရွက်တဲ့ ဦးမြင့်သိန်းကလည်း လယ်သမားပိုင်မြေပေါ်မှာ လယ်သမားခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခွင့် မရဘူးလို့ ပြောဆိုပြီး နိုင်ငံတော်က ဆောင်ရွက်တာကိုတော့ ခြွင်းချက်အဖြစ် လက်ခံတယ်လို့ ပြောပါတယ်။ “နိုင်ငံတော်ကနေ ဖောက်ထားတဲ့ ဟိုတုန်းက လမ်းပေါက်ရှိတယ်ဆိုရင်တော့ ဒါဖွင့်ပေးရမယ်။ ကျနော်တို့ ဒီမှာထုံးစံက။ အခုတော့ မရှိဘဲနဲ့ သူက အင်းသူကြီးဆိုတော့ ငါးသည်တဲ့လမ်း သက်သက်ထားပြီးတော့ မသိနားမလည်တဲ့ လယ်သမားတွေကို နှိပ်ကွပ်တဲ့အခါကျတော့ ကျနော်တို့ရှေ့နေတွေကော၊ တရုံးလုံးက လက်မခံဘူးလေ။ တရားသူကြီးက ငွေအမြောက်အမြားစားပြီးတော့ တဖက်သတ်ဆုံးဖြတ်တော့ တောင်သူလယ်သမားတွေ အကုန်လုံးက မခံနိုင် မရပ်နိုင်ဖြစ်လာတာ။” ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးလှအောင်နဲ့ ကာယကံရှင်တွေထံက ဖြေရှင်းချက်ရနိုင်ဖို့ ကြိုးစားပေမယ့် မရရှိသေးပါဘူး။။ ဦးအောင်ဝင်းတင်ရဲ့ဇနီး ဒေါ်မာမာဆွေက ၂၀၀၉ ခုနှစ်မှာ စီမံချက်စပါးစိုက်မယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးပိုင်းက ယာယီလမ်းတောင်းရာမှာ ပေးလိုက်တာကို အုပ်ချုပ်သူတွေအချင်းချင်း စုဝေးဆုံးဖြတ်ပြီး အပြီးအပြတ်ယူခဲ့ကြတာလို့ ပြောပါတယ်။ ပထမအကြိမ် လယ်သမား ဦးအောင်ဝင်းတင် ထောင် ၁ လ ကျစဉ်တုန်းက အပြင်မှာ ကျန်ခဲ့တဲ့ ကိုယ်ဝန်ရှိ ဇနီးသည် ဒေါ်မာမာဆွေက အခက်အခဲကြုံရပုံကို ညည်းညူ ပြောဆိုခဲ့ပြီး အခုလည်း ပြစ်ဒဏ်စီရင်ခံရလိမ့်မယ်ဆိုတာ ကြိုတင်တွက်ဆထားတယ်လို့ ပြောပါတယ်။ “၂၀၁၀ ခုနှစ် ၁၂ လပိုင်းဆိုတော့ ကျမသားလေးက ကျောင်းမတက်ရဘူး။ ကျမဆိုရင်လည်း အဲဒီအချိန်တုန်းက ကိုယ်ဝန် လေးငါးရှစ်လလွယ်ပြီးတော့ နေရတာ။ အလုပ်သမားတွေနဲ့ ဘယ်လိုမှမဖြစ်တော့ ကျောင်းထွက်ပြီး တော့ ကျမတို့နဲ့ ၀ိုင်းလုပ်ခဲ့ရတာ။ အခုလည်း သားတွေသမီးတွေက ၁၀ တန်းတွေနဲ့ ကျောင်းမတက်ရဘူးပေါ့နော်။ “လမ်းပိတ်ဆို့တယ်ဆိုပြီး ကျမယောက်ျားရော၊ ကျမရော၊ ကျမသားလေးရော နောက်တိုးတရားခံတွေဆိုပြီးတော့ သားမိသားအဖ သုံးယောက်လုံး အမှုရင်ဆိုင်နေရတယ်။ အခု ကျမတို့ကို ထောင်ချတော့မယ်လို့ဆိုပြီး ထင်တာပေါ့နော်။ တရားသူကြီးကလည်း အဲလိုပဲ တဖက်သတ်ကို လိုက်နေလို့။” လာမယ့် သြဂုတ် ၁၄ ရက်နေ့ ဒိုက်ဦးမြို့နယ် တရားရုံးမှာ ဒီအမှုတွေနဲ့ ပတ်သက်လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင် ငွေဒဏ်ကနေ ထောင်ဒဏ် ၃ လ လောက်အထိ ကျခံရနိုင်တယ်လို့ ရှေ့နေ ဦးတင်အုန်းက ရှင်းပြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024