DVB Logo
Home
မြန်မာသတင်း
ရှမ်းရွာသားများကို ရိုက်နှက်စစ်ဆေးသည့် တပ်မတော်သား ၂ ဦး အရေးယူခံရ
DVB
·
August 4, 2014
ရှမ်းရွာသားများကို ရိုက်နှက်စစ်ဆေးသည့် တပ်မတော်သား ၂ ဦး အရေးယူခံရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ အစိုးရတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်လို့ ကျေးရွာကော်မတီတွေကို ရိုက်နှက်စစ်မေးခဲ့တဲ့ စစ်ဗိုလ် ၂ ဦးကို သက်ဆိုင်ရာတပ်မက တပ်ပြောင်းပြီး အရေးယူလိုက်ပါတယ်။

[caption id="attachment_61401" align="alignright" width="300"]ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ကြစဉ် (ဓာတ်ပုံ - SHAN) ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်ကြစဉ် (ဓာတ်ပုံ - SHAN)[/caption]

နမ့်ခမ်းမြို့ နယ် နောင်ခမ်းကျေး ရွာအုပ်စု နောင်မတာ ရွာက ရပ်ကျေးဥက္ကဋ္ဌ ဦးစိုင်းလှစိန်အပါအ၀င် ရပ်မိရပ်ဖ ၅ ဦးတို့ကို ရိုက်နှက်စစ်ဆေးခဲ့တဲ့ တပ်မ ၈၈ တပ်ရင်း ၁၆ က တပ်ရင်းမှူး နဲ့ ဒုတပ်ရင်းမှူးတို့ ၂ ဦးကို တပ်ပြောင်းရွှေ့ပြီး အရေးယူ လိုက်တယ်လို့ သက်ဆိုင်ရာ တပ်မမှူးးရဲ့ အပြောကို ကိုးကားပြီး မြို့နယ် ဖွံ့ဖြိုးရေးထောက်ကူပြုကော်မတီက ပြောပါတယ်။

ကျေးရွာလူကြီးတွေ အရိုက်ခံရတာ၊ ခြောက်လှန့်ခံရတာတွေကြောင့် တရုတ်နယ်စပ်ဘက် ထွက်ပြေးသွားကြတဲ့ ရွာသားတွေကို ပြန်ခေါ်ဖို့နဲ့ အရိုက်ခံရတဲ့ ကော်မတီဝင် ၅ ဦးကိုလည်း တောင်းပန်ချင်တယ်လို့ တပ်မမှူး ဗိုလ်မှူးကြီး သက်ထွန်းဦးက ပြောကြောင်း နမ့်ခမ်းမြို့နယ်ဖွံ့ဖြိုးရေးထောက်ကူပြု ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ပြောပါတယ်။

သြဂုတ် ၃ ရက်နေ့ မနက်က နောင်မတာကျေးရွာ ဘုန်းကြီးကျောင်းဇရပ်မှာ မြို့နယ်ထွေအုပ်ရုံး တာဝန်ရှိသူတွေရော ကျားခေါင်းနဲ့ ကျားဖြူ ရှမ်းပါတီ ၂ ပါတီက ကိုယ်စားလှယ်တွေပါ အင်အား ၅၀ ကျော်က စစ်တပ်အရာရှိတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ ရွာသား ၅၀၀ ကျော်ထဲမှာ ၁၀၀ ကျော် ပြန်ရောက်လာပြီး သူတို့လိုလားချက်တွေ တင်ပြခဲ့ကြောင်း၊ အဓိကအားဖြင့် နောက်နောင် ရွာထဲမှာ ဘယ်လက်နက်ကိုင်အဖွဲ့မှ လာပြီးအခြေမချဖို့ တောင်းဆိုသလို အရိုက်ခံရသူတွေရဲ့ ဆေးကုသစရိတ် တာဝန်ယူပေးဖို့၊ သေဆုံးသူ တပ်မတော်စစ်ဗိုလ်က ရွာသားဆီကနေ ငှားသွားတဲ့ ဆိုင်ကယ်ကို ပိုင်ရှင်ဆီ ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဦးစိုင်းဆိုင်ဝမ်းက ပြောပါတယ်။

နောင်မတာရွာကို အသစ်ရောက်လာတဲ့ အစိုးရတပ်က ဗိုလ်ကြီး သန့်စင်ထွန်းကလည်း ရွာသားတွေရဲ့ တောင်းဆိုချက်ကို အထက်ကို ဆက်လက်တင်ပြပေးမယ့် အကြောင်းနဲ့ သူလာပြီး တာဝန်ယူတဲ့ ကာလမှာတော့ အလားတူ ဖြစ်ရပ်မျိုး မရှိစေရဘူးလို့ ဇရပ်မှာ ရွာသားတွေကို ကတိပေးသွားကြောင်း သိရပါတယ်။

အရိုက်ခံရတဲ့ ကျေးရွာကော်မတီဝင် ၅ ဦးကတော့ လောလောဆယ် တရုတ်ပြည်ဘက်ခြမ်း ရွှေလီမြို့မှာ ဆေးကုသနေတဲ့အတွက် ပြန်မလာသေးပါဘူး။

အရိုက်ခံရသူ ကျောင်းကော်မတီ စိုင်းဆန်စောကတော့ သူတို့ကို ရိုက်နှက်ခဲ့တဲ့ တပ်ရင်းမှူးကို နောက်ထပ်ပြစ်ဒဏ်ပေးဖို့ တောင်းဆိုသင့်၊ မဆိုသင့် တိုင်ပင်ဦးမယ်လို့ ပြောပါတယ်။

မတရားခံနေရတဲ့ ရွာသားတွေဘက်က ရှေ့နေလိုက်ပေးနေတဲ့ ရှေ့နေဦးမာခါးကတော့ ရွာသားတွေကို ရိုက်နှက်တဲ့ တပ်မတော်သားတွေကို ရာထူးက ချတယ်ဆိုတာ ကောင်းပေမယ့် တကယ်ရာထူးက ချမချ မသိရတဲ့အတွက် ယုံကြည်လို့မရကြောင်း ပြောပါတယ်။

မြို့နယ်ဖွံ့ဖြိုးရေးထောက်ကူပြုကော်မတီဝင်တဦးဖြစ်တဲ့ ဦးစိုင်းအောင်ဝင်းကလည်း စစ်တပ်က အခုလို အရေးယူဆောင်ရွက်တဲ့အပေါ် ကြိုဆိုပေမယ့် ဒါဟာ လတ်တလောပြဿ နာ ဖြေရှင်းမှုသာ ဖြစ်ပြီး ရေရှည်အတွက် ရွာသားတွေ စိတ်မအေးရသေးကြောင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း အနည်းဆုံး ၅ ဖွဲ့က လှုပ်ရှားသွားလာနေပြီး တဖွဲ့နဲ့ တဖွဲ့ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရတပ်ကြား ပြဿ နာဖြစ်ရင် ရွာသားတွေက ကြားထဲကနေ ခံနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်နေ့က နောင်မတာကျေးရွာအခြေစိုက် အစိုးရတပ်က တပ်ခွဲမှူး ဗိုလ်ကြီးတဦး နဲ့ တပ်ကြပ်တဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရပြီးတဲ့နောက်ပိုင်း သက်ဆိုင်ရာတပ်ရင်းက တရားခံမိဖို့ ကျေးရွာကော်မတီတွေ ရိုက်နှက်စစ်ဆေးခဲ့သလို တရွာလုံးကိုလည်း ခြိမ်းခြောက်တဲ့အတွက် နောင်မတာ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေတာ ဖြစ်ပါတယ်။

လူသတ်မှုကို နမ့်ခမ်းရဲစခန်းမှာ အမှုဖွင့်ထားပြီး လူသတ်တရားခံကိုတော့ ဒီနေ့ထိ ဖမ်းလို့ မမိသေးပါဘူး။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013