Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခဲ့မှု ထောင်ဝန်ထမ်း ၂ ဦး ပြန်တောင်းပန်
DVB
·
August 4, 2014
နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက် ထောင်ဝန်ထမ်းဟောင်း ၂ ဦးက ပြန်လည်ဝန်ချ တောင်းပန်ခဲ့ပါတယ်။ အကျဉ်းထောင်အတွင်း ဥပဒေမဲ့ ရိုက်နှက်ခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းဟောင်း တပ်သား အေးမင်းအောင်နဲ့ တာဝန်ယူဖို့ ပျက်ကွက်ခဲ့တဲ့ ၃ လိုင်းပွင့်အဆင့်ရှိ ဦးစီးအရာရှိဟောင်း ဦးမောင်မောင်ကြီးတို့ကနေ တာမွေမြို့နယ် ရှေ့နေရုံးခန်းတခုမှာ သြဂုတ် ၃ ရက်နေ့က ကာယကံရှင်တွေကို ပြန်လည်တောင်းပန်ကြောင်း သတင်းမီဒီယာများရှေ့မှာ ပြုလုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၇ ရက်နေ့က ဦးစီးအရာရှိ ဦးမောင်မောင်ကြီးဟာ တပ်သား ကိုအေးမင်းအောင်က အချုပ်သားကို ရိုက်နှက်ခဲ့ချိန်မှာ တားဆီး အပြစ်ပေးခြင်း မရှိခဲ့တဲ့အတွက် လက်ရှိအချိန်မှာ အကျဉ်းထောင်ကနေ ပင်စင်ပေးခြင်းခံခဲ့ရသူပါ။ [caption id="attachment_61603" align="alignleft" width="300"]u mg mg gyi ဦးမောင်မောင်ကြီး ပြန်လည်တောင်းပန်နေစဉ်[/caption] ဦးမောင်မောင်ကြီးက "အခုဖြစ်တဲ့ အမှုကိစ္စမှာ ကျနော်တို့ ၀န်ချတောင်း ပန်ပါတယ်" လို့ ပြောပါတယ်။ ကျူးလွန်ခဲ့သူ တပ်သား ကိုအေးမင်းအောင် ကတော့ ရိုက်နှက်ခဲ့ စဉ်က ငြင်းဆိုခဲ့ပေမယ့် အကျဉ်းထောင် စီစီတီဗွီ ကင်မရာ မှာ တွေ့ရှိခဲ့တာကြောင့် တရားစွဲဆိုခံနေရစဉ်မှာပဲ အကျဉ်းထောင် ၀န်ထမ်းအဖြစ်ကနေ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ "စိတ်အခန့်မသင့်လို့ ဖြစ်သွားတာပါ။ ကျနော် ယောက်ျားပီပီသသနဲ့ လာတောင်းပန်တာပါ" လို့ ကိုအေးမင်းအောင်က ပြောပါတယ်။ အခု အမှုဟာ မြန်မာနိုင်ငံမှာ အကျဉ်းဦးစီးဌာနက ထောင်ဝန်ထမ်းတွေကို ပထမဆုံး တရားစွဲဆိုခွင့်ရရှိခဲ့တဲ့ အမှုလည်း ဖြစ်ပါတယ်။ ထိခိုက်နာကျင်မှု၊ ခြိမ်းခြောက်မှု နဲ့ အားပေးကူညီမှု စတဲ့ တရားစွဲဆိုမှုတွေနဲ့ ရိုက်နှက်ခံခဲ့ရတဲ့ အချုပ်သား ကိုသီဟကိုကိုနဲ့ ကိုမောင်မောင်သက် အပါအဝင် အမှုတွဲ ၉ ယောက်တို့ကနေ တရားစွဲဆိုထားတာ ၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ ကျူးလွန်ခဲ့သူတွေဘက်က အခုလို တောင်းပန်လာတဲ့အတွက် လာမယ့် သြဂုတ် ၁၄ ရက်နေ့မှာတော့ တရားဝင်အမှုကို ပြန်လည် ပိတ်သိမ်းပေးမှာ ဖြစ်ပါတယ်။ ကိုနေလင်းဦး၊ ကိုသီဟကိုကိုတို့အပါအဝင် အမှုတွဲ ၉ ယောက်တို့က တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်ရှင်ကို ဆန္ဒပြခဲ့တဲ့  အလုပ်သမား ၂၀၀ ကျော်ထဲက အဓိက ဦးဆောင်ခဲ့သူတွေပါ။ ၂၀၁၃ ခုနှစ်မှာ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၈နဲ့ အရေးယူခံခဲ့ရသူတွေ ဖြစ်ပြီး အကျဉ်းထောင်အတွင်းမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာပါ။ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေဦးအောင်သူရိန်ထွန်းကတော့ အကျဉ်းထောင် အတွင်းမှာလည်း အကျဉ်းသားနဲ့ အချုပ်သားတွေ တိုင်ကြားနိုင်ဖို့ တရားဥပဒေစိုးမိုးမှု ရှိဖို့အတွက် ပြောရေးဆိုခွင့်ဌာနတခု ဖွင့်လှစ်ဖို့ တိုက်တွန်းထားပါတယ်။ တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားများဖြစ်ကြတဲ့ ကိုနေလင်းဦးအပါအဝင် အမှုတွဲ ၉ ယောက်တို့က  တရားစွဲဆိုခံထားရတဲ့ ပုဒ်မ ၁၈ ကို ဒဏ်ငွေ ၁ သောင်းစီ ဆောင်ရတာကြောင့် အကျဉ်းထောင်အတွင်းက လွတ်မြောက်လာခဲ့ပေမယ့် တောင်ဝင်ကုမ္ပဏီက စွဲဆိုထားတဲ့ အလုပ်ရှင်နဲ့ အလုပ်သမား အမှု ၄ မှုကိုတော့ ဆက်လက်ရင်ဆိုင်နေရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024