DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ်အကြံပြုချက် အတော်များများ ပြင်ပေးမည်ဟု ကော်မရှင်ပြော
DVB
·
August 1, 2014
အဖွဲ့ချုပ်အကြံပြုချက် အတော်များများ ပြင်ပေးမည်ဟု ကော်မရှင်ပြော
Donate to DVB

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလ ၁ လအစား ၂ လပြင်ဆင်သတ်မှတ်ပေးဖို့ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ပါတီက အကြံပြုထားတဲ့ အချက်အတော်များများကို ကော်မရှင်က ပြင်ဆင်ပေးမယ်လို့ ပြောတဲ့အကြောင်း ဒီနေ့ ကော်မရှင်နဲ့တွေ့ခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

Union Election Commissionပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးပို့ထားတဲ့ ရွေးကောက်ပွဲနည်းဥပဒေဆိုင်ရာ အကြံပြုချက်တွေနဲ့ ပတ်သက်လို့ သြဂုတ် ၁ ရက်က အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီး ရှင်းလင်းဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ရှင်းလင်းဆွေးနွေးပွဲရလာအရ ကော်မရှင်က အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ အကြံပြုချက် ၉ ချက်ထဲက ၂ ချက်ကလွဲပြီး ပြင်ဆင်သတ်မှတ်ပေးမယ်လို့ ကတိပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ဦးဝင်းမြင့်က ကော်မရှင်က ပြင်ဆင်ပေးဖို့ မဖြစ်နိုင်တဲ့ ၂ ချက်ကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ ၇ ချက်လောက် ရလိုက်တယ်။ ၂ ချက်က တချို့က ဘာပြောလဲဆိုတော့ ကြိုတင်ဆန္ဒမဲ ကိစ္စကို မြို့နယ် ကော်မရှင်ဘက်က မဲပေးတဲ့နေ့ မနက် ၆ နာရီမှာ စာရင်းကို ဘယ်လောက်ရတယ်ဆိုတာ တခါတည်းပြောဖို့ရှိတယ် မှတ်လား။ အဲဒါပြောထားတာကတော့ သူက ရွေးကောက်ပွဲ ဥပဒေမှာကိုက ညနေ ၄ နာရီအထိ ပေးထားလို့ပါတယ်။ အဲဒီတော့ နည်းဥပဒေ မနက် ၆ နာရီအထိ ထပ်မယ်ဆိုရင် ဥပဒေကို ကျော်လွန်ပြီး လုပ်လို့ မရလို့ပါတဲ့။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က အကျိုးအကြောင်းနဲ့ ရှင်းပြတော့။ စာရင်းကိုတော့ ဘယ်လောက်ပေးခွင့်ရှိတယ်ဆိုတာ ပုံစံ ၁၊ ၁ မှာ ကြေညာပေးပါ့မယ်လို့ ပြောတယ်ဗျာ။ ၁ ကတော့ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ဟာပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံမှာက နိုင်ငံရေး ပါတီဝင် မဖြစ်ရဘူးလို့ ပါနေတဲ့အခါကျတော့ ဒီမှာက ၃ နှစ် ကင်းရမယ်၊ ၅ နှစ် ကင်းရမယ်။ သူတို့ကနေပြီး ဒါနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံကျော်ပြီး ပြဋ္ဌာန်းလို့ မရလို့ပါတယ်။ ရွေးကောက်ပွဲဥပဒေ မှာလည်း အဲဒီအချက်က မပါလို့ ဥပဒေကျော်ပြီး နည်းဥပဒေပြဋ္ဌာန်းလို့ မရလို့ပါတဲ့။ ဒါလေး ၂ ချက်ပဲ သောင်မတင်ရေမကျ ဖြစ်တာပေါ့ဗျာ။”

အဖွဲ့ချုပ်က ကြိုတင်မဲတွေကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ မနက် ၆ နာရီအထိပဲ လက်ခံဖို့ ပြင်ဆင်သင့်တယ်လို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

တခါ ရွေးကောက်ပွဲကော်မရှင်မှာပါတဲ့ ပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီဝင်အဖြစ်မှ ၅ နှစ် ကင်းလွတ်သူဖြစ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

နည်းဥပဒေထွက်ပြီးသွားပြီဖြစ်တာမို့ အဖွဲ့ချုပ်ရဲ့ အကြံပြုချက်တွေကို ညွှန်ကြားချက်တွေထုတ်ပြန်ပြီး ပြင်ဆင်ပေးမယ်လို့ ကော်မရှင်က ကတိပေးခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင် ၂၁ ရက် ရက်စွဲနဲ့ ပေးပို့ထားတဲ့ အကြံပြုချက်တွေ ထဲမှာ မဲဆွယ်စည်းရုံးရေးကာလကို အနည်းဆုံး ရက်ပေါင်း ၆၀ ပေးဖို့၊ မဲရုံထဲသို့ ဝင်ခွင့်ရသူများကို “ကော်မရှင်က ခွင့်ပြုထားသူများ” ဆိုပြီး ဖြည့်စွက်ခဲ့တဲ့အပေါ် ပယ်ဖျက်ပေးဖို့နဲ့ ကြိုတင်မဲကိစ္စ အပါအ၀င် အချက် ၉ ချက် ပါဝင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲနည်းဥပဒေမူကြမ်းကို ပြင်ဆင်ချက် ၄၄ ခုနဲ့ ဇူလိုင် ၂၈ ရက်က ဥက္ကဋ္ဌလက်မှတ်ထိုးပြီး အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013