Live
Home
မြန်မာသတင်း
အစိုးရတပ်ဖွဲ့ဝင် အသတ်ခံရမှု ရိုက်နှက်စစ်ဆေးခံရ၍ အုပ်ချုပ်ရေးမှူးနှင့် တရွာလုံး ထွက်ပြေး
နန်းမြနဒီ
·
July 31, 2014
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ အစိုးရတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရတဲ့နောက်ပိုင်း သက်ဆိုင်ရာ တပ်ရင်းက ရပ်ကျေးအုပ်ချုပ်ရေးနဲ့ ကော်မတီဝင်တွေကို ခေါ်ယူပြီး ရိုက်နှက်စစ်ဆေးခဲ့တဲ့အတွက် ကော်မတီဝင်တွေရော ရွာသားတွေပါ တရွာလုံး ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ [caption id="attachment_61401" align="alignright" width="300"]ဓာတ်ပုံ - SHAN ဓာတ်ပုံ - SHAN[/caption]သူတို့ရွာနဲ့ ၄ ဖာလုံလောက်ဝေးတဲ့ ကူးတို့ဆိပ်လမ်းခွဲနားမှာ အစိုးရတပ်ဖွဲ့ဝင် ၂ ဦး အသတ်ခံရပြီးတဲ့နောက် တပ်ရင်းမှူးက နောင်မတာ ကျေးရွာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖ စုစုပေါင်း ၅ ဦးကို ခေါ်ယူပြီး ၄၈ နာရီအတွင်း ၂ ကြိမ် ရိုက်နှက်စစ်ဆေးခဲ့တဲ့အပြင် တရွာလုံးပါ ခြိမ်းခြောက်ခံရတဲ့အတွက် ထွက်ပြေးနေကြတာလို့ ရိုက်နှက်ခံရသူတဦးဖြစ်တဲ့ စိုင်းဆန်စောက ဒီဗွီဘီကို ပြောပါတယ်။ “ဒီလူသေဆုံးတာ တန်ဖိုးရှိတယ်တဲ့၊ သူ့တန်ဖိုးက ခင်ဗျားတို့လူအယောက် ၂၀၀ စာရှိတယ်။ ခင်ဗျားတို့ရွာကို မီးရှို့လိုက်မယ်။ မိန်းမဆိုလည်း ပစ်သတ်မယ်။ ကလေးဆိုလည်း ပစ်သတ်မယ်။ ခွေးဆိုလည်း ပစ်သတ်မယ်။ အဲဒီလိုမျိုး ခြိမ်းခြောက်တယ်။ ဒီနေ့ချိန်းထားတယ် ကျနော်တို့ မသွားရဲဘူး။ သွားရင် ရိုက်နှက်မှာ ကြောက်လို့။ ရွာသားတွေက ကြောက်ပြီး အားလုံး ထွက်ပြေးကုန်ကြတယ်။” သူတို့ကို တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့က ရိုက်နှက်စစ်မေးခဲ့ကြောင်း၊ သူတို့က လူသတ်တဲ့ကိစ္စ သူများပြောမှ သိရတာဖြစ်ပြီး တရားခံကိုမသိဘူးလို့ ငြင်းဆိုခဲ့ပေမယ့် လက်သီးနှင့်ထိုးတာ၊ ကျည်ကပ်တွေနဲ့ ရိုက်တာ ခံခဲ့ရလို့ ဦးခေါင်း၊ ခန္ဓာကိုယ်၊ နံရိုး စတာတွေ နာကျင်နေပြီး၊ မနက် ၃ နာရီလောက်က ပြန်လွှတ်ပေးတာနဲ့ တရုတ်ပြည်ဘက်ခြမ်း ဆေးရုံမှာ လာရောက်ကုသကြတယ်လို့ ဆိုပါတယ်။ တပ်ရင်းမှူးက ဒီကနေ့ မနက် ၆ နာရီပြန်လာဖို့ ချိန်းဆိုထားပေမယ့် ဘယ်သူမှ ပြန်မသွားရဲတော့ကြောင်း၊ သူတို့ ဆိုင်ကယ်နဲ့ ထော်လာဂျီတွေကိုလည်း စစ်တပ်က သိမ်းယူထားကြောင်း၊ ရွာသားတွေကတော့ မနေ့မနက်က စပြီး ထွက်ပြေးနေကြတာ ဒီနေ့ ဘယ်သူမှ မကျန်တော့ဘူးလို့ စိုင်းဆန်စောက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက သူတို့ ၂၉ ရက်နေ့ အရိုက်ခံရပြီး ၃၀ ရက်နေ့မှာ မြို့နယ်ထောက်ကူပြုအဖွဲ့နဲ့ ပါတီဝင်တွေက တပ်မမှူး ဗိုလ်မှူးကြီး သက်ထွန်းဦးကို ဆက်သွယ်ပြီး ရိုက်နှက်စစ်မေးခြင်းမပြုဖို့ မေတ္တာရပ်ခံခဲ့ကြောင်း၊ တပ်မမှူးကလည်း ရိုက်နှက်မှု မဖြစ်အောင် ကြိုးစားပေးမယ်လို့ ပြောခဲ့တဲ့ကြားက ၃၀ ရက်နေ့ ည ၉ နာရီကနေ ၃၁ ရက်နေ့ မနက်ထိ စစ်မေးရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။ “ကျေးရွာလူကြီးရဲ့ ဆွေမျိုးသားချင်းတွေက စိုးရိမ်လို့ ရိုက်နှက်မှုတွေလည်း ဖြစ်နေတယ်ဆိုတော့ ကူညီပေးပါဦးဆိုပြီး ကျနော့်ကို လှမ်းပြီးတော့ အကြောင်းကြားတယ်။ ကျနော်တို့က အစည်းအဝေး ပြန်ထိုင်ပြီးတော့ တပ်မမှူးနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို လှမ်းပြီးတော့ မေတ္တာရပ်ခံ တာပေါ့။ တပ်မမှူးကတော့ မေးတာတော့ လုပ်ရမှာပါတဲ့၊ အတတ်နိုင်ဆုံး ရိုက်နှက်မှုမဖြစ်အောင်တော့ ကြိုးစားပေးမယ်လို့ ကျနော်တို့ကို အကြောင်းပြန်ပါတယ်။” နောင်မတာကျေးရွာမှာ အိမ်ခြေစုစုပေါင်း ၁၂၇ လုံးရှိပြီး လူဦးရေ ၅၀၀ လောက်နေထိုင်ကြောင်း၊ မနေ့ကတည်းက တရုတ်နယ်စပ် ဆွေမျိုးနီးစပ်ကျေးရွာတွေမှာ ထွက်ပြေးခိုလှုံနေကြပြီး မကျန်းမာသူနဲ့ သက်ကြီးရွယ်အိုတချို့ပဲ ကျန်တယ်လို့ ဆိုပါတယ်။ ကျေးရွာမူလတန်းကျောင်းလည်း လက်ရှိ ပိတ်ထားရပြီး ကလေးတွေလည်း မိဘနဲ့အတူ ထွက်ပြေးနေကြောင်း၊ လူကြီးတွေလည်း လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်ကြတော့ဘူးလို့ ဦးစိုင်းတင်ဦးက ပြောပါတယ်။ ဒီကိစ္စ အမြန်ဖြေရှင်းရေး ကျားဖြူပါတီ နဲ့ ကျားခေါင်းပါတီတို့ အရေးပေါ်အစည်းအဝေးတရပ် ဒီမနက်မှာ ကျင်းပပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အရိုက်ခံရသူ ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်တွေဟာ မြို့နယ်အုပ်ချုပ်ရေးမှူး လက်အောက်ခံတွေ ဖြစ်နေတာကြောင့် ရွာသားတွေကို သွားရောက် အားပေးကူညီဖို့ မြို့နယ်မှူးကို ဖိတ်ခေါ်ခဲ့ပေမယ့် ၀န်ထမ်းတွေက မြို့နယ်မှူးခရီးလွန်နေတယ်လို့ ပြန်ပြောပြီး လောလောဆယ် ဘယ်တာဝန်ရှိသူတွေမှ သွားမကြည့်သေးဘူးလို့ ဆိုပါတယ်။ ပစ်သတ်ခံရသူ အစိုးရတပ်ဖွဲ့ဝင် ၂ ဦးမှာ တပ်မ ၈၈ လက်အောင်ခံ တပ်ရင်း ၁၆ က တပ်ခွဲမှူးဗိုလ်ကြီး ၀င်းသူရထွန်းနဲ့ တပ်ကြပ်အဆင့်ရှိသူ ​၁ ဦးတို့ဖြစ်ပြီး ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာ အလောင်းတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘဲ မြို့နယ်ရဲစခန်းကို မေးမြန်းဖို့ ပြောဆိုပြီး ရဲစခန်းကလည်း မြို့နယ်ရုံးကိုသာ မေးမြန်းဖို့ ပြန်ညွှန်းခဲ့ပါတယ်။ နမ့်ခမ်းမြို့နယ်ထဲမှာ ဒီလအတွင်း လူသတ်မှု ၂ ကြိမ်ရှိသွားပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ညက နောင်ဇန့်ရပ်ကွက်ထဲမှာ ဒေသခံလူရွယ် ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ပါ တယ်။ အဲဒီဒေသမှာ အစိုးရတပ်ရော၊ မန်ပန်ပြည်သူ့စစ်၊ ပန်းဆေးပြည်သူ့စစ်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ ကေအိုင်အေ (ကချင်လွတ်လပ်ရေးတပ်မတော်) တို့ ၀င်ရောက်လှုပ်ရှားနေပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024