DVB Logo
Home
မြန်မာသတင်း
ပိုင်ရှင်မဲ့ ကွန်တိန်နာ အလုံး ၄၀၀ ကျော် ဆိပ်ကမ်းများတွင် တွေ့ရှိ
DVB
·
July 31, 2014
ပိုင်ရှင်မဲ့ ကွန်တိန်နာ အလုံး ၄၀၀ ကျော် ဆိပ်ကမ်းများတွင် တွေ့ရှိ
Donate to DVB

မိုဘိုင်းတင်းမ်က ၀င်ရောက်စစ်ဆေးနေတဲ့ ဆိပ်ကမ်းတွေမှာ လာရောက်မထုတ်ယူတဲ့ ပိုင်ရှင်မဲ့ ကွန်တိန်နာ အလုံး ၄၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။

ThiLaWar Containerတရားမ၀င် ကုန်ပစ္စည်းကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုအဖွဲ့ (မိုဘိုင်းတင်းမ်) က ၀င်ရောက်စစ်ဆေးနေတဲ့ ၁ လအတွင်း အေးရှားဝေါ၊ ထီးတန်း၊ အမ်အိုင်ပီ (မြန်မာ့စက်မှုဆိပ်ကမ်း) နဲ့ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွေတွေမှာ ပိုင်ရှင်မဲ့အဖြစ် သတ်မှတ်ထားတဲ့ ကွန်တိန်နာ အလုံး ၄၂၀ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်ကချပြီးတာနဲ့ သက်ဆိုင်ရာဆိပ်ကမ်းတွေမှာ ရက်ပေါင်း ၆၀ ကျော်တဲ့အထိ လာရောက်မထုတ်ယူတဲ့ ကွန်တိန်နာတွေကို ဆိပ်ကမ်းဥပဒေအရ ပိုင်ရှင်မဲ့ကွန်တိန်နာအဖြစ် သတ်မှတ်ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကို အပ်ရပါတယ်။

ပိုင်ရှင်မဲ့ကွန်တိန်နာတွေကို ဆိပ်ကမ်းအာဏာပိုင်က အချိန်ကာလတခုထိ စောင့်ကြည့်ပြီး သက်ဆိုင်ရာ ပိုင်ရှင်တွေ မဆက်သွယ်တဲ့အခါ လေလံဆွဲရတယ်လို့ မိုဘိုင်းတင်းမ်အဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောပါတယ်။
ရက်ပေါင်း ၆၀ ကျော်ရှိနေပြီဖြစ်တဲ့ ကွန်တိန်နာ အလုံး ၄၂၀ ကို ဆက်လက်ဆောင်ရွက်သွားဖို့အတွက် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နဲ့ ညှိနှိုင်းနေရတယ်လို့ ဆိုပါတယ်။

၁၉၀၂ ခုနှစ်က ထုတ်တဲ့ ဆိပ်ကမ်းအက်ဥပဒေအရ အချိန်အတိုင်းအတာတခုထိသာ ဆိပ်ကမ်းအာဏာပိုက်အဖွဲ့က ထိန်းသိမ်းခွင့်ရှိပြီး ဥပဒေနဲ့ မညီတာက သက်ဆိုင်ရာဌာနတွေရဲ့ အားနည်းချက်ဖြစ်ကြောင်း ဦးတင်ရဲဝင်းက ခုလို ပြောပါတယ်။

“ရက် ၆၀ ကျော်ရင် ဆိပ်ကမ်းအသီးသီးကနေပြီးတော့မှ ဆိပ်ကမ်းအာဏာပိုင်ကို အကြောင်းကြားစာ ပို့တယ်။ ဆိပ်ကမ်းအာဏာပိုင်က လက်ထဲမှာ ဘယ်လောက် ကြာကြာ ထားပြီးတော့မှ လေလံပစ် သလဲဆိုတဲ့ အချိန်မှာ သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ငန်းပိုင်းအရ တချို့ဟာလေးတွေမှာ အားနည်းချက်တွေ တွေ့နေရပါတယ်။ ဒါကို ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ အခုတရားဝင်နဲ့ အသေးစိတ်ညှိနေတယ်။ ပြီးတော့ အစိုးရအဖွဲ့ကို တင်ပြရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Timer ဆိုတာ ရှိပါ့မယ်။ လက်ထဲမှာ ဘယ်လောက်ဆက်ထားမှာလဲဆိုတဲ့ မေးခွန်းကို ကျနော်တို့လည်း မေးပါတယ်။ အချိန်ကာလ တခုပဲ သူတို့ ထားခွင့်ရှိပါတယ်။ အဲဒီအတွက်ကြောင့် ၁၉၀၅ ခုနှစ်က ထုတ်ထားတဲ့ ဆိပ်ကမ်းအက်ဥပဒေတွေဆိုတာလည်း ကျနော့် စားပွဲပေါ်မှာ ရှိပါတယ်။ ကျနော်တို့ဆီမှာတော့ အဖြေတခု ရနေပါပြီ။ ဒါပေမယ့် တရားဝင် မေးနေဆဲဖြစ်တဲ့ အတွက်ကြောင့် ချက်ချင်း မဖြေသေးတာပါ။ သူ့လက်ထဲမှာ ဘယ်လောက်ပဲ ထားရမယ်ဆိုတဲ့ အဖြေက အဲဒီ ဥပဒေထဲမှာ ပါပါတယ်။ အဲဒီဥပဒေနဲ့ မညီတာကတော့ သက်ဆိုင်ရာဌာနတွေရဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့တုန်းကလည်း အေးရှားဝေါဆိပ်ကမ်းမှာ ပိုင်ရှင်မဲ့ ကွန်တိန်နာအတွင်းက BMW နဲ့ ODESSY အမျိုးအစား တန်ဖိုးကြီးဇိမ်ခံကား ခုနှစ်စီးတွေ့ရှိခဲ့ရပြီး လေလံစာရင်းသွင်းလိုက်ပါတယ်။

ဦးတင်ရဲဝင်းက “ဒါပေမယ့် ဒီကွန်တိန်နာရဲ့ ပိုင်ရှင်က သင်္ဘောလိုင်းတလိုင်းက သူက သူရဲ့ ကွန်တိန်နာ အခွံကို ပြန်လိုချင်တဲ့အတွက်အခါမှာ အခွန်ကို ပြန်လျှောက်တယ်။ လျှောက်တော့ ဆိပ်ကမ်းအာဏာပိုင်က ပြန်ယူပါ ပေးလိုက်တယ်။ အထဲမှာ ရှိတဲ့ ပစ္စည်းတွေကိုတော့ ဆိပ်ကမ်းမှာ ဆက်ပြီးတော့ ထိန်းရမယ်ဆိုပြီးတော့ ထိုးဖောက်စစ်ဆေးတဲ့အဖွဲ့ကို စစ်ခိုင်းတယ်။ စစ်ခိုင်းတော့ ကျနော်တို့ အကောက်အခွန်တို့နဲ့ မိုဘိုင်းတင်းမ်အဖွဲ့တွေ ပေါင်းပြီး စစ်ပေးတဲ့ အချိန်မှာ ပိုင်ရှင်လာရောက်ရွေးယူခြင်း မရှိတဲ့ ကွန်တိန်နာ ၄၀၀ ကျော်ထဲက ၃ လုံးကို ကျနော်တို့က ဖွင့်ကြည့်တဲ့ သဘောပါ။ အဲဒီမှာ မော်တော်ကားတွေ ၇ စီး ထွက်လာတယ်။ နောက် ကွန်တိန်နာ တခုကတော့ ဘာမှမရှိတဲ့ အခွံ။ အဲဒီ ကွန်တိန်နာ အခွံတွေကတော့ သက်ဆိုင်ရာ ပိုင်ရှင်ဖြစ်တဲ့ သင်္ဘောလိုင်းကတော့ ပြန်ယူသွားပါပြီ။”

မိုဘိုင်းတင်းမ်အဖွဲ့က ဇူလိုင် ၂ ရက်နေ့ကစပြီး တန်ဖိုးပမာဏ အလွန်ကြီးမားတဲ့ တရားမ၀င် အကောက်ခွန်မဲ့ ကုန်ပစ္စည်းတွေ ၀င်လေ့ရှိတဲ့ ရန်ကုန်က အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေကို လူအင်အား ၁၀၀ နီးပါးလောက်နဲ့ စစ်ဆေးနေပါတယ်။

သြဂုတ် ၁ ရက်နေ့ရောက်တာနဲ့ တရားမ၀င် အကောက်အခွန်မဲ့ မှောင်ခိုတင်သွင်းလာတဲ့ ကုန်တွေမိရင် လူကိုပါ ဖမ်းဆီးထောင်ချနိုင်တဲ့ သွင်းကုန်၊ ထုတ်ကုန် ဥပဒေနဲ့ အရေးယူမယ်လို့ ကြေညာခဲ့ပေမယ့် ပညာပေးကာလအဖြစ် နောက်ထပ် ၁၅ ရက် ထပ်တိုးမြှင့်ပေးလိုက်တယ်လို့ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီကနေ့ ကြေညာပါတယ်။
-

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013