DVB Logo
Home
မြန်မာသတင်း
အန်စီစီတီကို ကြီးကြပ်မည့် ဦးဆောင်ကော်မတီဖွဲ့ရန် ဆွေးနွေး
DVB
·
July 30, 2014
အန်စီစီတီကို ကြီးကြပ်မည့် ဦးဆောင်ကော်မတီဖွဲ့ရန် ဆွေးနွေး
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေး ပထမနေ့ကို ဒီကနေ့ လိုင်ဇာမြို့မှာ ကျင်းပခဲ့ပြီး အန်စီစီတီကို ကြီးကြပ်မယ့် ဦးဆောင်ကော်မတီဖွဲ့ဖို့ စတင်းဆွေးနွေးခဲ့ပါတယ်။
dvb8

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ လိုင်ဇာမြို့မှာ ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးက ရရှိခဲ့တဲ့ အချက်တွေကို အန်စီစီတီအဖွဲ့ဝင် မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်လည်ချပြဆွေးနွေးနေတာပါ။

အန်စီစီတီ အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ကတော့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ မူဝါဒတွေအပေါ် အန်စီစီတီအဖွဲ့က အဆုံးအဖြတ်မပေးနိုင်ဘဲ အဓိက ကြီးကြပ်ဦးဆောင်မှုပေးနိုင်ဖို့အတွက် ကော်မတီဖွဲ့ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ အန်စီစီတီကို ကြီးကြပ်ဖို့ပေါ့နော်။ တချို့ဆုံးဖြတ်မပေးနိုင်တဲ့ ကိစ္စတွေမှာ အန်စီစီတီကို နိုင်ငံရေးအရ ကြီးကြပ်ဦးဆောင်မှုပေးဖို့ ကော်မတီကိုဖွဲ့ဖို့ အကုန်လုံးတော့ လက်ခံမယ့် သဘောရှိတယ်။ ဆုံးဖြတ်ချက်တော့ မကျသေးဘူး။ ဒါပေမယ့် အကုန်လုံးတော့ လက်ခံမယ့် သဘောရှိတယ်။ အန်စီစီတီ လုပ်ဆောင်နေတဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် တွေမှာ တချို့ကိစ္စတွေမှာ မူပိုင်းဆိုင်ရာတွေ ဖြစ်တဲ့အခါကျတော့ အဆုံးအဖြတ် မပေးနိုင်တာတွေ ရှိတယ်။ သူတို့ လုပ်ပိုင်ခွင့်မရှိဘူး။ အဲဒါကြောင့် သူတို့ကို အဓိက ကြီးကြပ်ပေးဖို့အတွက် အဲဒါတွေကို ဆွေးနွေးကြတယ်။”

ဒီနေ့ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို အန်စီစီတီအဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အခြားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ) စတဲ့အဖွဲ့တွေအပြင် ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ပီးယားနဲ့ အဖွဲ့လည်း ပါဝင်တက်ရောက်နေပါတယ်။

အေဘီအက်စ်ဒီအက်ဖ် ဥက္ကဋ္ဌ ရဲဘော်သံခဲကတော့ အန်စီစီတီအဖွဲ့ဝင်တွေအတွက် လက်တွေ့ အထောက်အကူဖြစ်နိုင်မယ့် ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“အထူးသဖြင့်ကတော့ အန်စီစီတီအဖွဲ့ဝင်တွေအတွက် လက်တွေ့အထောက်အကူဖြစ်နိုင်မယ့် အန်စီစီတီဘောင်ကနေပြီး ကျော်ပြီးတော့မှ အဆုံးအဖြတ်ပေးနိုင်မယ့် လမ်းညွှန်ချက်တွေ နိုင်ငံရေး ဆွေးနွေးဆိုင်ရာကိစ္စရပ် မူဘောင်ချမှတ်ခြင်းလို ဟာမျိုးတွေ နောက်တချက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်အလက်တွေ အပေါ်မှာ ဒီကနေ့ တော်လှန်ရေးခေါင်းဆောင်တွေ အနေနဲ့ အဓိကထား ဆွေးနွေးကြတာဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ၄ ရက်တာ လိုင်ဇာမြို့မှာ ကျင်းပခဲ့တဲ့ အန်စီစီတီအဖွဲ့ရဲ့ ထိပ်သီး အစည်းအဝေးအပြီးမှာတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲအတွက် အဟန့်အတားများ ဖယ်ရှားနိုင်ရေး အပါအ၀င် အချက် ၁၀ ချက် ကို ဆုံးဖြတ်ခဲ့ကြပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကို မနက်ဖြန် ဆက်လက် ကျင်းပမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013