ကျပ်သိန်း ၂ သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့် လက်နက်များ ဖမ်းမိ
နန်းမြနဒီ
·
July 28, 2014
ရှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြိုနယ်မှာ ကျပ်သိန်းပေါင်း ၂ သောင်း ၂ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေ ဖမ်းဆီးရမိပါတယ်။
မိုင်းဆတ်ခရိုင်မှာ ဒီမနက် ၁၁ နာရီလောက် က မော်တော်ယာဉ် ၁ စီးပေါ်ကနေ ကျပ်သိန်းပေါင်း ၂၂၆၂၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံးတွေနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ တာချီလိတ် မူးယစ်အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တာချီလိတ်အခြေပြု မူးယစ်တပ်ဖွဲ့စု ၃၀ နဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီနေ့ မနက်က ပန်ကော်ကျေးရွာအနီးမှာ VIGO မော်တော်ယာဉ်ကို စစ်ဆေးစဉ် အမျိုးသား ၂ ဦး နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ဒီကားဟာ မိုင်းဆတ်ခရိုင်၊ ပူနားကိုကျေးရွာဘက်က လာတဲ့ကားဖြစ်ပြီး တာချီလိတ်ခရိုင်၊ လွယ်တော်ခမ်းအုပ်စု၊ ဆိတ်ခြံကုန်း အခြေစိုက်တပ်စခန်း အနီး ရှောင်တခင်ပိတ်ဆို့ ရှာဖွေစစ်ဆေး တုန်း မောင်းပြေးတဲ့အတွက် လိုက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ လူ ၂ ယောက် ဖမ်းထားပြီး တာချီလိတ်မြို့မရဲစခန်းက အရေးယူဖို့ စီစဉ်နေကြောင်း တာချီလိတ်ခရိုင် မူးယစ်နှိမ်နင်းရေး (အထူး) ရဲတပ်ဖွဲ့က တာဝန်ကျရဲအုပ် အောင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။
ယာဉ်ပေါ်မှာ ဘိန်းဖြူ ဘလောက်တုံး ၄၀၄ တုံး၊ အလေးချိန် (၁၄၁.၄) ကီလို၊ ကာလတန်ဖိုးမြန်မာငွေ ကျပ်သိန်းပေါင်း ၂၂၆၂၄ သိန်း၊ အမ် ၁၆ နဲ့ အမ် ၂၂ သေနတ် ၄ လက်၊ ၉ မမ ပစ္စတို ၂ လက်၊ ဗုံး ၃ လုံးနဲ့ ကျည်တောင့်တွေ၊ စကားပြောစက် ၃ လုံး၊ လက်ကိုင်ဖုန်း ၃ လုံးနဲ့ ထိုင်းဘတ်ငွေ ၃၁၀၀၀ ဘတ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တာချီလိတ်ခရိုင် မူးယစ်နှိမ်နင်းရေး (အထူး) ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။