လစ်ဗျားတွင် အစိုးရတပ်နှင့်စစ်သွေးကြွများ တိုက်ပွဲဖြစ်၊ ၃၆ ဦး သေဆုံး

လစ်ဗျားနိုင်ငံအရှေ့ပိုင်းက ဘန်ဂါဇီမြို့မှာ အစိုးရအထူးတပ်တွေနဲ့ အစ္စလာမစ် စစ်သွေးကြွတွေ ဇူလိုင် ၂၇ ရက်နေ့ညက ပစ်ခတ်မှုတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၃၆ ဦး သေဆုံးပါတယ်။ _76554753_76554645ဘန်ဂါဇီက အစ္စလာမစ် စစ်သွေးကြွတွေကို တိုက်မယ်လို့ တကိုယ်တော်ကြွေးကြော် လှုပ်ရှားသူ ဗိုလ်ချုပ်ဟောင်းနဲ့ လစ်ဗျားလေတပ် စစ်တပ်တို့ ပူးပေါင်းခဲ့ကြတာပါ။ တိုက်ပွဲအတွင်း မြို့ထဲက အန်ဆာအယ်လ် ရှာရီးယားနဲ့ တခြားအုပ်စုတွေရဲ့ စခန်းတည်နေရာတွေကို စစ်လေယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ တိုက်ပွဲဝင် အထူးတပ်ဖွဲ့ရဲ့ သတင်းရင်းမြစ်က ရိုက်တာစ်သတင်းဌာနကို ပြောပါတယ်။ သေဆုံးသူ ၃၆ ယောက်ထဲမှာ အရပ်သားအများစုပါဝင်ပြီး ၆၅ ဦး ဒဏ်ရာရတယ်လို့ ဆေးဘက်နဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲကလွတ်ဖို့ ဒေသတွင်း မိသားစုဒါဇင်ပေါင်းများစွာ နေရာရွှေ့ပြောင်းခဲ့ပါတယ်။ မြို့တော်ထရီပိုလီမှာ ဇူလိုင် ၂၆ ရက်နေ့ကလည်း ပြိုင်ဘက်ပြည်သူ့စစ်အုပ်စုတွေက အဓိက လေဆိပ်ကို ရရေး အပြန်အလှန်ပစ်ခတ်ရာက ဒုံးကျည်တစင်း အိမ်တလုံးကို ထိမှန်ခဲ့လို့ အီဂျစ်လုပ်သား ၂၃ ဦး သေဆုံးတယ်လို့ အီဂျစ်အစိုးရသတင်းဌာနက အစီရင်ခံပါတယ်။ ၂ ပတ်ကြာ တိုက်ပွဲအတွင်း မြို့တော်ထရီပိုလီနဲ့ ဘန်ဂါဇီတို့မှာ လူ ၁၅၀ ကျော် သေဆုံးတယ်လို့ အစိုးရက ပြောပါတယ်။ ထရီပိုလီမြို့က အမေရိကန်သံရုံးဝင်းနားမှာ တိုက်ပွဲတွေ အရှိန်မြင့်လာလို့ သံရုံးကို ဇူလိုင် ၂၆ ရက်နေ့က နေရာရွှေ့ခဲ့ပြီး သံတမန်တွေကို နယ်စပ်ကနေ တူနီးရှားနိုင်ငံထဲကို စစ်တပ်အကာအကွယ် အကြီးအကျယ် ယူပြီး ကယ်ထုတ်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်က လစ်ဗျားအာဏာရှင် မွမ်မာ ကဒါဖီကို ဖြုတ်ချရာမှာ ကူညီခဲ့တဲ့ ပြည်သူ့စစ်တွေက လက်ရှိအာဏာရ အစိုးရကို မနာခံ ဖြစ်နေတာပါ။ အစိုးရကလည်း ပြည်သူ့စစ်တွေကို မထိန်းချုပ်နိုင်ဘဲ အဓိကပြိုင်ဘက် ၂ အုပ်စု ကွဲထွက်လာမှာကို အနောက်မဟာမိတ်နိုင်ငံတွေက စိုးရိမ်နေပါတယ်။ နိုင်ငံတွင်း အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေလို့ နိုင်ငံခြားသားတွေ တိုင်းပြည်က ထွက်ခွာကြဖို့ ဆော်သြထားလို့ မီတီဂါလေဆိပ်မှာ ဇူလိုင် ၂၇ ရက်နေ့က လူတွေ စုပြုံနေပါတယ်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လစ်ဗျားနိုင်ငံတွင်းက သူ့နိုင်ငံသားအားလုံး ထရီပိုလီမြို့က ပြင်သစ်သံရုံးကို အမြန်ဆုံး ဆက်သွယ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံဟာ ရေနံတင်ပို့သူ အိုပက်အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up