အင်ဒိုနီးရှား ဗိုလ်ချုပ်ဟောင်းက တရားဝင်ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အမှုဖွင့်

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ သမ္မတလောင်း ဗိုလ်ချုပ်ဟောင်း ဆူဘီယန်တို က တရားဝင်ရွေးကောက်ပွဲရလဒ်ကို လက်မခံသေးဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးမှာ အမှုဖွင့်ထားပါတယ်။ 20140613_Prabowo-Subianto_Reutersဒီတပတ်အစောပိုင်းမှာ ကြေညာတဲ့ ရွေးကောက်ပွဲ ရလဒ်အရ ဆူဘီယန်တို ဟာ ဂျာကတာ မြို့တော်ဝန် ဂျိုကိုဝီ ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်တဲ့ အကြောင်း တရားဝင် အမှုဖွင့်ထားပြီးလို့ ဥပဒေ အထောက်အကူပြု အဖွဲ့ခေါင်းဆောင်က ဖွဲ့စည်းပုံခုံရုံးမှာ သတင်းထောက်တွေကို ပြောပါတယ်။ အင်ဒိုနီးရှားအခြေခံဥပဒေဆိုင်ရာခုံရုံးက ရွေးကောက်ပွဲအငြင်းပွားမှုရဲ့ နောက်ဆုံး အဆုံးအဖြတ်ကို ချပေးမှာ ဖြစ်ပါတယ်။ “ရလဒ် နှစ်မျိုး ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲအနိုင်သူကို အတည်ပြုတာ။ ပယ်ဖျက်တာ ဖြစ်နိုင်သလို၊ ရွေးကောက်ပွဲပြန်လည်ကျင်းပတာမျိုး ဖြစ်နိုင်တယ်”လို့ ဆိုပါတယ်။ ဆူဘီယန်တို ရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ အဆိုအအရ ဆူဘီယန်တို က ရွေးကောက်ပွဲမှာ မဲတသန်းကျော် အနိုင်ရခဲ့ပြီး မဲရုံပေါင်း ငါးသောင်းနှစ်ထောင်မှာ မဲမသမာမှုတွေ ပေါ်ပေါက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဖွဲ့က ရရှိခဲ့တဲ့ ကိန်းဂဏန်းတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ရလဒ်တွေနဲ့ ကွဲလွဲနေပါတယ်။ ရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာချက်အရ ရွေးကောက်ပွဲမှာ မြို့တော်ဝန် ဂျိုကိုဝီ က မဲ ၈ ဒသမ ၅ သန်း ရခဲ့ပြီး ရာခိုင်နှုန်းအရ ၅၃ ဒသမ ၁၅ ရခဲ့တယ်လို့ ဆိုပါတယ်။ အခုနှစ်ရွေးကောက်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံသမိုင်းမှာ အကျိတ်အနယ်အရှိဆုံး ရွေးကောက်ပွဲ ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲ လေ့လာသူတွေအဆိုအရ ပွင့်လင်းမြင်သာမှုအရှိဆုံး စနစ်အကျဆုံး ရွေးကောက်ပွဲလို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် အခုလို ရှုံးတဲ့ဘက်က စိန်ခေါ်တာဟာ မျက်နှာမပျက်အောင် အရှက်ပြေ သဘောလောက်ပဲ ဖြစ်ဖို့များပြီး ရွေးကောက်ပွဲတစုံလုံးရဲ့ ရလဒ်အပေါ်မှာ အပြောင်းအလဲ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒါပေမယ့် အခုလိုအငြင်းပွားမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါ တယ်။ ဒီအမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက သြဂုတ်လ ၂၁ ရက်နေ့မှာ အပြီးသတ် ဆုံးဖြတ်ချက်ချပေးမှာဖြစ်ပြီး ဒါပြီးရင် အယူခံခွင့်ရှိတော့မှာ မဟုတ်ပါဘူး။ အခုအထိတော့ ရွေးကောက်ပွဲအကြမ်းဖက်မှုတွေ မဖြစ်ပွားခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up