DVB Logo
Home
မြန်မာသတင်း
ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ထံ မီဒီယာခြိမ်းခြောက်ခံနေရမှု တင်ပြခဲ့
DVB
·
July 26, 2014
ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ထံ မီဒီယာခြိမ်းခြောက်ခံနေရမှု တင်ပြခဲ့
Donate to DVB

လတ်တလော သတင်းမီဒီယာတွေ ခြိမ်းခြောက်ခံနေရတဲ့ကိစ္စ၊ သတင်းသမားတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ကိစ္စတွေ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ထံ တင်ပြခဲ့တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

UN Yung Hee Li meet 88 26072014ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်အပါအ၀င် အလုပ်သမား၊ လယ်သမားရေးရာဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ၄ ဖွဲ့တို့ တွေ့ဆုံပွဲမှာ ဦးမြင့်ကျော်က အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

“အဓိက ခြုံပြီးပြောရင်တော့ လတ်တလော သတင်းသမားတွေ အဖမ်းခံရတဲ့ ကိစ္စတွေ တရားစွဲခံရတဲ့ ကိစ္စတွေ ထောင်ချခံရတဲ့ ကိစ္စတွေ အထင်ရှားဆုံးကတော့ ယူနတီ ကိစ္စပေါ့။ အဲဒီလို ဟာမျိုးတွေနဲ့ သတင်းမီဒီယာအပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုတဲ့ဟာ နောက် လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ရှိတယ်။ ဥပမာ - ဧရာဝတီ သတင်းဂျာနယ်ရဲ့ သတင်းထောက်ကို ခမရ ၅၃၂ ဘုရင့်နောင်တံတားအဆင်းက ရိုက်နှက်ပြီး တရားစွဲထားတဲ့ ကိစ္စ အဲဒါမျိုးလည်းပါတာပေါ့နော်။ အားလုံးကို ခြုံငုံပြီး ပြောခဲ့တယ်။”

ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ကတော့ သူတို့တင်ပြချက်တွေ နားထောင်မှတ်သားသွားပြီး ပြန်လည်ဆွေးနွေးတာ မရှိဘူးလို့ ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဇူလိုင် ၂၆ ရက် မနက်ပိုင်းကလည်း ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းရုံးကို သွားရောက်ပြီး ၈၈ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ၈၈ အနေနဲ့ ကုလကိုယ်စားလှယ်နဲ့ တွေ့ဆုံခိုက် မြန်မာ့အရေးအတော်များများ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံပွဲတက်ခဲ့ ကိုမြအေးက ပြောပါတယ်။

“လက်ရှိ အခြေအနေမှာ ကျနော်တို့ ပြောတဲ့ကိစ္စက တော်တော်ကို စုံစုံလင်လင်ကို ပြောဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးနဲ့ တိုင်းရင်းသား တန်းတူညီမျှ အခွင့်အရေးနဲ့ ကိုယ်တိုင်ပြဌာန်းမှုတရပ် ရရှိဖို့အတွက်ကို ကြိုးစားဆောင်ရွက်နေတဲ့ အခြေအနေ အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်မှု အခြေအနေနဲ့ အဲဒါကို ကြိုးစားဆောင်ရွက်နေတယ်ဆိုတဲ့ အကျိုးအကြောင်းနဲ့ နိုင်ငံတကာကနေ ၀င်ရောက်ပြီး ကူညီအားပေးဖို့လိုတဲ့အကြောင့် အဲဒါကို ပြောဖြစ်တယ်။ နောက်တခါ လယ်ယာမြေတွေ သိမ်းဆည်းခံရတဲ့ကိစ္စ လယ်သမားတွေ ထောင်ကျ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ရှုထောင့်ကနေ ပြောဖြစ်တယ်။ အလားတူပဲ အလုပ်သမားတွေ ကုမ္ပဏီတချို့က လာတယ်၊ ပိတ်တယ်၊ ပြန်သွားတယ်။ အနိမ့်ဆုံး အခြေခံလစာနဲ့ ပတ်သက်ပြီးတော့ ရေရာသေချာမှုမရှိတဲ့ အလုပ်သမားတွေရဲ့ အနာဂတ်ပျောက်ဆုံးနေတဲ့ အခြေအနေပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်။ အဲဒီလိုပဲ မီဒီယာသမားတွေကို ထောင် ၁၀ နှစ် ချတဲ့ ကိစ္စ၊ နောက်တခါ မီဒီယာလွတ်လပ်ခွင့်တွေနဲ့ပတ်သက်ပြီး တင်းကျပ်လာတဲ့ ပုံစံမျိုးတွေကို မနှစ်သက်ဘူးလို့လည်း ပြောဖြစ်တယ်။ ဆက်ပြီးတော့လည်း မီဒီယာသမားတွေကိုလည်း ပုဒ်မ ၁၈ နဲ့ အရေးယူမယ်ဆိုတဲ့ အခြေအနေအပေါ်မှာလည်း ကျနော်တို့ စိုးရိမ်ပူပမ်တယ်ဆိုတဲ့ အကြောင်းတွေ ပြောဖြစ်တယ်။”

တွေ့ဆုံပွဲကို ၈၈ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ကုသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာပြည်ကို ဇူလိုင် ၁၆ ရက်ကတည်းက ၁၀ ရက်ကြာခရီး ရောက်ရှိနေတာဖြစ်ပြီး ပဋိပက္ခနဲ့ စစ်ပွဲတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ မန္တလေးမြို့တို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့ပါတယ်။

ဒါ့အပြင် နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံခဲ့သလို အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ၊ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့လွှတ်တော် လူ့အခွင့်အရေးရေးရာ ကော်မတီဥက္ကဋ္ဌတို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာပြည်လာရောက်ချိန်မှာ မြန်မာမီဒီယာလောကသား တွေ ခြိမ်းခြောက်ခံနေရပြီး ထွန်တုံးတိုက်ပွဲဝင်နေကြတဲ့ တောင်သူတွေလည်း ထောင်ချခံရ နယ်ဝေးထောင်တွေ ပို့ဆောင်ခံနေရပါတယ်။

ဒီတော့ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီရဲ့ မြန်မာပြည်ခရီးစဉ်ကနေ ဘာတွေ မျှော်လင့်လို့ရနိုင်ပါမလဲ။ မြန်မာပြည်မှာ လူ့အခွင့်အရေးလုပ်ဆောင်နေတဲ့ equal myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလို သုံးသပ် ပြောပါတယ်။
“သူလာတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အခုလိုမျိုး မီဒီယာတွေ ဖိနှိပ်မှုတွေ ဖြစ်နေတဲ့ အချက်က သူ့အနေနဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာကို ပိုမိုအာရုံစိုက်ဖို့ရယ် ဒါနဲ့ ပတ်သက်ပြီးတော့ သူ့မှာ ဘယ်လိုတာဝန်ရှိတယ်ဆိုတာ သူနားလည်းသဘောပေါက်ဖို့အတွက် သူ့အတွက် အခွင့်အလမ်း တခုကို ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုးကိစ္စတွေကြောင့် သူတွေ့တဲ့အထဲမှာ မီဒီယာက လူတွေကို သူခေါ်တွေ့တယ်။ မီဒီယာနဲ့ ပတ်သက်လို့ ဘယ်လို ခြိမ်းခြောက်မှုတွေ ရှိသလဲဆိုတာ ပွင့်ပွင့်လင်းလင်း မေးမြန်းတယ်လို့ ကျနော်တို့ သိရတယ်။ ဒီအချက်က မီဒီယာနဲ့ ပတ်သက်ပြီးတော့ မီဒီယာအပေါ်မှာ ဖိနှိပ်မှုကို ပိုမိုစိတ်ဝင်စားသွားအောင် အချိန်ကောင်း သူရရှိသွားတယ်လို့ ကျနော်ယူဆတယ်။ ဒါပေမယ့် လယ်သမားတွေနဲ့ ပတ်သက်လို့ နည်းနည်းတော့ စိတ်မကောင်းဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ လယ်သမားတွေကို သူကိုယ်တိုင်သွားရောက် တွေ့ဆုံတဲ့နေရာမှာတော့ အားနည်းသွားတယ်။ ဒါပေမယ့် စိတ်တော့ ပူစရာတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး ကိစ္စတွေ ဖြစ်နေတဲ့ အကြောင်းအရာတွေကို သူသိရှိဖို့အတွက် ကျနော်တို့ တင်ပြနိုင်ခဲ့တယ်။ သူတာဝန်ကျတဲ့ မြန်မာနိုင်ငံက အများပြောနေသလို လူ့အခွင့်အရေးတွေ အားလုံး ချိုးဖောက်မှုတွေ ရပ်တန့်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းအပေါ် ချီတက်နေတယ် ဆိုတဲ့ အရာက တကယ်တမ်းမှာ အောက်ခြေမှာ မဟုတ်သေးဘူးဆိုတာ သူသိဖို့အတွက် အခွင့်အလမ်းတခု သူရရှိသွားတဲ့ သဘောမျိုးပေါ့။ ဒါကြောင့်မို့လို့ တွေ့ရှိတဲ့အချက်တွေကို ပြန်လည်ပြီးတော့ တင်ပြ အစီရင်ခံတဲ့အချိန်မှာ ဖြစ်နေတဲ့ အကြောင်းအရာအတိုင်း အမှန်အတိုင်း တင်ပြရင်တော့ စီးပွားရေးကြောင့် ဦးတည်ပြီးတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို မျက်မှောက်ပြုလိုတဲ့ နိုင်ငံတွေ၊ စီးပွားရေးအရ လုပ်ဆောင်လိုတဲ့အတွက်ကြောင့်မို့လို့ တခြားသော အချက်တွေ စဉ်းစားစရာမလိုဘူးဆိုပြီး မျက်စိမှိတ်ပြောနေတဲ့ အစိုးရတွေ အပေါ်မှာတော့ ဒီဟာက စဉ်းစားစရာအကြောင်းအရာတခုတော့ ထုတ်ပြန်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

မစ္စယန်ဟီးလီဟာ equal myanmar အဖွဲ့ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်း အတော်များများနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့သလို သမ္မတဖွဲ့ပေးထားတဲ့ မြန်မာ့လူ့အခွင့်အရေးကော်မရှင်နဲ့လည်း ဆွေးနွေးသွားပါတယ်။

သူဟာ ဇူလိုင် ၂၆ရက် မြန်မာပြည်က ပြန်လည်မထွက်ခွာမီ ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မှာဖြစ်ပြီး သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာကိုတော့ လာမယ့် ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တင်ပြသွားဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013