DVB Logo
Home
မြန်မာသတင်း
အန်စီစီတီ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် အခြေခံမူအပိုင်း အပြီးသတ်ဆွေးနွေး
DVB
·
July 25, 2014
အန်စီစီတီ ထိပ်သီးအစည်းအဝေး ပထမနေ့တွင် အခြေခံမူအပိုင်း အပြီးသတ်ဆွေးနွေး
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်လိုက်ပြီး အခန်း ၁ အခြေခံမူအပိုင်း အပြီးသတ်ဆွေးနွေး ခဲ့ပါတယ်။

LiazaNCCTforPeace24072014(1ဒီအစည်းအဝေးကြီးမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးကြမှာဖြစ်ပြီး ပထမနေ့မှာ အခန်း ၁ အခြေခံမူအပိုင်း အပြီးသတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အန်စီစီတီ အကြံပေး ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အခန်း ၁ မှာပါတဲ့ အခြေခံမူအပိုင်းကို အန်စီစီတီ အဖွဲ့ဝင်တွေ အပြီးသတ်ဆွေးနွေးခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ ဆွေးနွေးပွဲမှာ အခန်း ၁ ပြီးသွားတယ်။ အထူးသဖြင့် အင်မတန်မှ အရေးကြီးတဲ့ အခြေခံမူအပိုင်း ပြီးသွားတယ်။ အန်စီစီတီရဲ့ တင်ပြချက်ကို များသောအားဖြင့် လက်ခံပေးတာ တွေ့ရတယ်။ ကျနော်တို့အနေနဲ့လည်း တင်ပြတဲ့နေရာမှာ နောက်တခါ ဆွေးနွေးရင် တစ်ဆို့မှု မရှိအောင် ကျနော်တို့အနေနဲ့ alternative (တခြားရွေးချယ်စရာနည်းလမ်း) သုံးလေးခု ပြပြပြီး တင်ပြတယ်။ အဲသလို တင်ပြတဲ့အပေါ်မှာ သူတို့အနေနဲ့ ကြည့်ပြီး လုပ်ပေးတဲ့ သဘောဖြစ်တယ်။”

အန်စီစီတီ ခေါင်းဆောင် နိုင်ဟံသာကတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းစဉ်မှာ ပါဝင်တဲ့ တော်လှန်ရေး စကားလုံး သုံးမသုံးကို ဆွေးနွေးခဲ့ပြီး မနေ့က ဖွဲ့စည်းခဲ့တဲ့ ဦးဆောင်ကော်မတီကို တင်ပြခဲ့ကြတယ်လို့ ဒီဗွီဘီကို အခုလိုပြောပါတယ်။

“အရေးကြီးတာ တချက်ပါပဲ။ ခေါင်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ဆိုတဲ့ ဝေါဟာရမှာ တော်လှန်ရေးဆိုတာ ထည့်မထည့်ဆိုတဲ့ဟာ အဲဒါ ပြဿ နာ။ အဲဒါကို ဦးဆောင် ကော်မတီကို လွှဲလိုက်တယ် ဘယ်လိုဆုံးဖြတ်မလဲဆိုတာ။ လုပ်ငန်းအစီရင်ခံစာ ကတော့ တင်ပြီးပြီ။ ဆွေးနွေးမှုမှာ တစ်ဆို့နေတဲ့ ပြဿ နာတွေပေါ့။ ဆိုပါစို့ တိုင်းရင်းသား လက်ကိုင်လား၊ လက်နက်ကိုင် တိုင်းရင်းသားလား။ အပစ်အခတ်ရပ်စဲရေးလား၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလား စတဲ့ မတူညီတဲ့ ဝေါဟာရတွေကို ဆွေးနွေးနေတယ်။”

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အန်စီစီတီက ကိုယ်စားလှယ် ၉ ဦးနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ်တွေ ၉ ဦးတို့ ပူးတွဲရေးဆွဲထားတာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို မနေ့ကတည်းက စတင်ဖို့ဖြစ်ပေမယ့် မနေ့က တံခါးပိတ် အစည်းအဝေးသာ ကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြပါတယ်။ ထိပ်သီးအစည်းအဝေးကို ဇူလိုင် ၂၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။

အန်စီစီတီရဲ့ ညီလာခံပြီးတဲ့အခါ အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကျောင်းသားတပ်မတော်တို့နဲ့ အစည်းအဝေးကို လိုင်ဇာမှာ ဆက်လက် ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013