DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်
DVB
·
July 25, 2014
တနိုင်ငံလုံး အပစ်ရပ်ရေး ထိပ်သီးအစည်းအဝေးစတင်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ထိပ်သီးအစည်းအဝေးကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမှာ ဒီကနေ့ စတင်ပါတယ်။

အစည်းအဝေးကို အန်စီစီတီ အဖွဲ့ဝင် ၁၆ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ လေ့လာသူ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ကြပါတယ်။

d4ဒီအစည်းအဝေးကြီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အန်စီစီတီက ကိုယ်စားလှယ် ၉ ဦးနဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က ကိုယ်စားလှယ်တွေ ၉ ဦးတို့ ပူးတွဲရေးဆွဲ ရရှိထားတဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (ဒုတိယမူကြမ်း) အပေါ် အကျေအလည် ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီကနေ့စတင်တဲ့ ထိပ်သီးအစည်းအဝေးမှာ သဘာပတိ ဦးဇောင်းဟရား က ဖွင့်ပွဲမိန့်ခွန်းမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှသာ တိုင်းပြည်တိုးတက်မယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

“ကျနော်တို့ တိုင်းပြည်ကို အခုလိုနှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်ပြီး မငြိမ်မသက် ဖြစ်နေတယ်။ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တာ ဘာကြောင့်ဖြစ်နေသလဲဆိုရင် နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအဆက်ဆက်က တိုင်းပြည်ကို နည်းမှန်လမ်းမှန်စွာ ဦးဆောင်မှု မပေးနိုင်တဲ့ အတွက်ကြောင့် ဒီလိုဖြစ်ပါတယ်။ တိုင်းပြည်စည်းလုံးညီညွတ်ပြီး တိုးတက်ဖို့ဆိုရင် အုပ်ချုပ်တဲ့ လူတစုကပဲ ပြည်သူကို ဖိနှိပ်အုပ်ချုပ်လို့ မရဘူး။ ဒါ့ကြောင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) မူဝါဒကသာ တိုင်းပြည်တည်ငြိမ်ပြီး တိုးတက်မယ်။”

လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်သားလက်နက်ကိုင်တွေရဲ့ ညီလာခံနဲ့ပတ်သက်လို့ ပြည်တွင်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (အန်ဘီအက်ဖ်) အဖွဲ့ ပြောခွင့်ရသူ ဦးစောသန်းမြင့်က အစိုးရရဘက်ကရော၊ တိုင်းရင်းသားတွေ ဘက်ကပါ ဖက်ဒရယ် ပြည်ထောင်စုဖြစ်မယ့် လမ်းကြောင်းပေါ်သွားမယ်ဆိုရင် တနိုင်ငံလုံး အပစ်ရပ်ရေး ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

“အဓိကကတော့ တိုင်းရင်းသားတွေအားလုံးက လက်နက်ကိုင်အဖွဲ့တွေလည်း တောင်းဆို တယ်။ ကျနော်တို့ ပါတီနိုင်ငံရေးကလည်း တောင်းဆိုတယ်။ ဖက်ဒရေးရှင်းဖြစ်ဖို့ဟာ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ဟာ အဓိက ဦးတည်တာပဲ။ အဲဒီတော့ ကျနော်တို့က ဖက်ဒရယ်ဖြစ်ဖို့ ဦးတည်တဲ့လမ်းကြောင်းပေါ် သွားနေမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ကတော့ သေချာပေါက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်တယ်” လို့ ပြောပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို မနေ့ကတည်းက စတင်ဖို့ဖြစ်ပေမယ့် မနေ့က တံခါးပိတ် အစည်းအဝေးသာကျင်းပခဲ့ပြီး နိုင်ငံရေးဆွေးနွေးဖို့ ဦးဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ကြ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။

အစိုးရဘက်က နိုင်ငံရေးဆွေးနွေးဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဦးစွာပြုလုပ်ဖို့ ရပ်တည်ပြီး ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်တွေ ထိုးခဲ့ကြပါတယ်။

ဒီနောက် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့အတွက် တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ အစိုးရရပ်တည်ချက်ကြောင့် မနှစ်တုန်းက လိုင်ဇာဌာနချုပ်မှာ ပထမအကြိမ် ညီလာခံကျင်းပပြီး တပြည်လုံး အပစ်အခတ်ရပ်စဲရေးအတွက် ဘုံသဘောတူညီချက် ချမှတ်ခဲ့သလို အန်စီစီတီအဖွဲ့ကို ဖွဲ့စည်းပြီး တပြည်လုံး အပစ်ရပ်ရေး အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက အင်အားတောင့်တင်းတဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေးပါတီရဲ့ ပြောခွင့်ရသူ ဦးအောင်မြင့်က ပါတီအနေနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ကို လက်မှတ်ရေးထိုးမှာဖြစ်ပေမယ့် ကြိုတင်လေ့လာဖို့တော့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။

အန်စီစီတီရဲ့ ညီလာခံပြီးတဲ့အခါ အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကျောင်းသားတပ်မတော်တို့နဲ့ အစည်းအဝေးကို လိုင်ဇာမှာ ဆက်လက် ကျင်းပဖို့ ပြင်ဆင်ထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့အခါ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်မယ်လို့ သမ္မတ ဦးသိန်းစိန်က ကြေညာထားသလို မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ရှေ့လာမယ့် သြဂုတ်လမတိုင်ခင် လက်မှတ်ရေးထိုးလိုကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

မနှစ်နှစ်ကုန်ပိုင်းက လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီလာခံကြီးကနေ တနိုင်ငံလုံး အပစ်ရပ်ရေးဘုံသဘောထား ချမှတ်ခဲ့ပြီး အန်စီစီတီ အဖွဲ့ကို ဖွဲ့စည်းခဲ့သလို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဌာနချုပ် လောခီးလာမှာလည်း ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ညီလာခံကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013