DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ အတိုးနှုန်းမြှင့်တင်
DVB
·
July 23, 2014
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ အတိုးနှုန်းမြှင့်တင်
Donate to DVB

ပြည်တွင်းက ပုဂ္ဂလိကပိုင်ဘဏ်ကြီး ၃ ခုဖြစ်တဲ့ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်နဲ့ အာရှ စိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်လီမိတက်တို့က ငွေစုဘဏ်အပ်ငွေနဲ့ စာရင်းသေအပ်ငွေတို့အပေါ် အတိုးနှုန်းတွေကို လာမယ့် သြဂုတ် ၁ ရက်ကစပြီး တိုးမြှင့်မယ်လို့ ဘဏ် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

adg bankလက်ရှိမှာဆိုရင် ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ်ပေးတဲ့ အတိုးနှုန်းက ငွေစုဘဏ်စာရင်း အပ်ငွေအတိုးနှုန်း ၈ ရာခိုင်နှုန်းရှိပြီး အချိန်ပိုင်းအပ်ငွေအပေါ် အတိုးနှုန်းကတော့ အချိန်ကာလပေါ်မူတည်ပြီး (၃ လ၊ ၆ လ၊ ၉ လနဲ့ ၁ နှစ်) ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ အတိုးနှုန်းတွေကို သတ်မှတ်ထားတာပါ။

ဒါပေမယ့် လာမယ့် သြဂုတ်လ ၁ ရက်ကစလို့ အပ်ငွေအပေါ်ထားရှိတဲ့ အတိုးနှုန်းတွေကို ၀ ဒသမ ၂၅ ရာခိုင်နှုန်းစီ အသီးသီးတိုးမြှင့်ပေးတော့မှာ ဖြစ်ပါတယ်။

အခုလို အပ်ငွေအပေါ် အတိုးနှုန်းတွေ ပြင်ဆင်လိုက်တာဟာ ပြည်တွင်းဘဏ်တွေအကြားမှာ ယှဉ်ပြိုင်မှုနဲ့ပတ်သက်ပြီး အလေ့အကျင့်ရှိအောင် စတင်ပျိုးထောင်လိုက်တဲ့ သဘောပါလို့ သမ၀ါယမဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ပြောပါတယ်။

“အတွင်းစည်းပြိုင်ကြတာပေါ့။ နိုင်ငံတကာလာတော့ အလေ့အကျင့်ဖြစ်သွားတာပေါ့။ နိုင်ငံတကာ ဘဏ်တွေလာရင် ပြိုင်ကို ပြိုင်ကြရမှာလေ။ အခုတော့ အလေ့အကျင့် ဖြစ်အောင် စပြိုင်ကြတာပေါ့။ ဘဏ်ကလည်း သူ မပြိုလဲအောင် သူ့ဘာသာသူ နည်းတနည်းနဲ့ ထိန်းထားမှာပေါ့။ ပြည်သူတွေ အနေနဲ့ ၀မ်းသာသွားတာပေါ့။”

အခုလို အပ်ငွေအပေါ် အတိုးနှုန်းတိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ကမ္ဘောဇ ဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က ဒီဗွီဘီကို အခုလို သုံးသပ်ပြောပါတယ်။

“အများကြီးတိုးချင်လည်း တိုးလို့ရတယ်။ အန်ကယ်လ်တို့ ခံနိုင်ရည်ရှိတယ်။ ဒါပေမယ့် မတိုးတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် ဘဏ်ငယ်လေးတွေကို ကိုယ်က သတ်သလို ဖြစ်သွားမယ်။ ဘဏ်အကြီးဆိုတော့ ကိုယ်က ကြည့်ရမှာပေါ့။ ကိုယ့်တယောက်တည်း ကောင်းနေလို့ မဖြစ်ဘူး။ တဖက်ကလည်း ဖောက်သည်တွေ အကျိုးကို ကြည့်ရသေးတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရဆိုရင် ငွေရေးကြေးရေးကဏ္ဍ ခိုင်မာ တောင့်တင်းဖို့လည်း အရေးကြီးပါတယ်။ အဘက်ဘက်က စဉ်းစားပြီးတော့ ဒီလောက်ပဲ တိုးသင့်ပါတယ်ဆိုပြီး ဒီလောက်ပဲ တိုးလိုက်တာပါ။”

ပြည်တွင်းမှာ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်အပါအ၀င် ပုဂ္ဂလိကပိုင် ဘဏ်အရေအတွက်က ၂၂ ခုရှိတဲ့အနက် ငွေစုဘဏ်အပ်ငွေနဲ့ အချိန်ပိုင်းအပ်ငွေတို့အပေါ် အတိုးနှုန်းတွေ တိုးမြှင့်ပြင်ဆင်လိုက်တဲ့ ပုဂ္ဂလိကဘဏ်တွေကတော့ ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်နဲ့ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်လီမိတက်တို့ ဖြစ်ပါတယ်။

ဘဏ်တိုးတွေမြှင့်လိုက်တဲ့အပေါ် စီးပွားရေးမူဝါဒရေးရာလေ့လာသူ ဒေါက်တာအောင်ကိုကိုက “သီအိုရီအရပြောရင် ဘဏ်တိုးနှုန်းမြှင့်တယ်ဆိုရင် ဘဏ်တိုးနှုန်းမြှင့်တဲ့ ဘဏ်တွေဆီမှာ ပိုပြီး စုဆောင်းငွေ အပ်ကြမှာပေါ့။ ကျန်တဲ့ ဘဏ်တွေကလည်း လိုက်မြှင့်နိုင်မလားဆိုတဲ့ ပုံသဏ္ဌာန်တခုကို စိန်ခေါ်မှု တခုအနေနဲ့ ရင်ဆိုင်ရမှာပေါ့။ အဲဒီလို စိန်ခေါ်မှုဆိုတာလည်း ဘဏ်တိုးနှုန်းမြှင့်တယ်ဆိုတာ ဘဏ်တိုးနှုန်းမြှင့်ပေးနိုင်တဲ့ စီးပွားရေး အင်အားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိတာပေါ့။ ဘဏ်တိုးနှုန်းမြှင့်ပေးခြင်းဆိုတဲ့ဟာက ဂိမ်းတခုလို ကစားကွက်တခုလိုလည်း ဖြစ်လာနိုင်တာပေါ့” လို့ သုံးသပ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013