DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း ၃၀၀ ကျော် ရေဘေးသင့်
DVB
·
July 23, 2014
ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း ၃၀၀ ကျော် ရေဘေးသင့်
Donate to DVB

မြန်မာပြည်တ၀န်း မိုးကြီးပြီး ရေကြီးရေလျှံမြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အိမ်ထောင်စုပေါင်း ၃၀၀ ကျော် ရေဘေးဒဏ်ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံ ခန့်ခွဲရေးဌာနက စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပွားခဲ့တဲ့ ရမ်မာဆန်တိုင်ဖုန်း မုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်ဒေသအနှံ့အပြားမှာ မိုးကြီးပြီး ရေကြီးရေလျှံမြေပြိုမှုတွေ ဖြစ်ပွားခဲ့တာပါ။

Untitled-1 copy-1လတ်တလော ရရှိထားတဲ့ စာရင်းဇယားတွေအရ ရေဘေးဒုက္ခခံစားနေကြရသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က ခုလို ရှင်းပြပါတယ်။

“ရခိုင်မှာ ပြီးခဲ့တဲ့ရက် ၂၁ နဲ့ ၂၂ ရက်မှာ လေဆင်နှာမောင်းတွေ ဖြစ်တယ်။ စစ်တွေကော၊ တောင်ကုတ်ကော လေဆင်နှာမောင်းတွေ ဖြစ်တယ်။ နောက်ပြီးတော့ ကရင်ပြည်နယ် တခြားနေရာတွေလည်း ကြီးတယ်။ အထူးသဖြင့် လှိုင်းဘွဲ့မှာ ရေတော်တော်လျှံသွားတယ်။ အထူးသဖြင့် ရခိုင်က တော်တော်များသွားတယ်။ မာန်အောင်ကော၊ စစ်တွေကော၊ တောင်ကုတ်ကောမှာ ဖြစ်သွားတယ်။ ဧရာဝတီတိုင်းမှာ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ ဘိုကလေး၊ လပ္ပတ္တာတို့၊ ဒေးဒရဲတို့၊ မော်လမြိုင်ကျွန်းမှာက အနိမ့်ပိုင်းအရပ် ကမ်းရိုးတန်းဒေသတွေမှာ ရေကြီးတယ်။ မွန်ပြည်နယ်မှာ သံဖြူဇရပ်တို့ ကျိုက်မရောတို့၊ တနင်္သာရီတိုင်းမှာ လောင်းလုံပေါ့။ ဒါ ကျမတို့ ရတဲ့ သတင်းအရပေါ့။”

ကြက်ခြေနီအသင်းအနေနဲ့ မြို့နယ်ဘေးအန္တရာယ် ကာကွယ်တားဆီးရေးအဖွဲ့တွေနဲ့ ပူး ပေါင်းပြီး ကြိုတင်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ မိုးလေ၀သဌာနကလည်း ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်မှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေဖြစ်ပွားနိုင်တယ်လို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ပေးခဲ့ပါတယ်။

မိုးလေ၀သပညာရှင် ဦးထွန်းလွင်က မိုးကြီးနိုင်သေးတဲ့ဒေသတွေကို အခုလို ခန့်မှန်းထားပါတယ်။

“အဓိက မိုးအကြီးဆုံးက ရှမ်းမြောက်ရယ်၊ ရှမ်းအရှေ့ရယ်၊ နောက် ဧရာဝတီ၊ ရန်ကုန်။ နောက်ပြီးတော့ ကချင်ပါသေးတယ်။ ကချင် မြောက်ဘက်အစွန်းပိုင်းမှာ တွေ့တယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းထဲတော့ မ၀င်သေးဘူး။ ရှမ်းပြည်နယ် အရှေ့ပိုင်း မြန်မာပြည် နယ်နိမိတ်ကျော်ကျော်လေး တရုတ်ဘက်မှာ မြေပြိုမယ်လို့ ပေးထားတယ်။ လောလောဆယ် အဲလိုပြထားတယ်။”

မြန်မာနိုင်ငံမိုးလေ၀သဌာနကလည်း တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ ဒေသ အလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013