အင်ဒိုနီးရှားသမ္မတရွေးပွဲမှ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို နုတ်ထွက်

စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို
779
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ဖို့များတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ဒီမိုကရေစီနည်းလမ်းမကျဘူး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ဆန့်ကျင်တယ်လို့ စွပ်စွဲပြီး နုတ်ထွက်သွားပါတယ်။
ရွေးကောက်ပွဲကော်မရှင်က တရားဝင် ရွေးကောက်ပွဲရလဒ်တွေ မကြေညာခင် နာရီပိုင်းအတွင်းမှာ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရလဒ်ကို ကြေညာတဲ့ လုပ်ငန်းစဉ်ကတော့ အနှောင့်အယှက်မရှိနိုင်ဘူးလို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
[caption id="attachment_60794" align="alignright" width="300"]
စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို[/caption]
ရွေးကောက်ပွဲ ဥပဒေ အရ ရွေးကောက် ပွဲရ လဒ်ကို မကျေနပ်တဲ့ သမ္မတလောင်း အနေနဲ့ ရွေးကောက် ပွဲ ကော်မရှင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးမှာ အယူခံ တက်နိုင်ပြီး ကော်မ ရှင်က ၂ ပတ်အတွင်းမှာ ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပရာဘိုဝိုရဲ့ အယူခံ အောင်မြင်နိုင်ဖွယ် မရှိဘူးလို့လည်း ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာဖို့ စီစဉ်ထားတဲ့ ဂျာကာတာမြို့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးနားမှာ လုံခြုံရေးတွေကို အထူးတင်းကျပ်ထားပါတယ်။
သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုကိုယ်တိုင်လည်း လုံခြုံရေးအခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အင်ဒိုနီးရှား မီဒီယာတွေမှာ ဖော်ပြပါတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ ရဲနဲ့ စစ်သားတွေကိုလည်း တပ်လှန့်ထားရပါတယ်။
ဇူလိုင် ၂၁ ရက်နေ့ကလည်း ရွေးကောက်ပွဲ မဲဆွယ်တဲ့ပွဲနဲ့ ပတ်သက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စစ်ဦးစီးအရာရှိချုပ်ကို သမ္မတ ဆူစီလို ဘန်ဘမ်းယူဒိုယိုနိုက ရာထူးကနေ မမျှော်လင့်ဘဲ အနားပေးခဲ့ပါတယ်။
အခုအထိတော့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်တဲ့ သတင်းတွေ မရှိပါဘူး။
အကြိုရလဒ်တွေ အတော်များများမှာ ဂျာကာတာမြို့တော်ဝန် ဂျိုကိုဝီ ဒိုဒိုက ဆူဟာတိုခေတ်က အထူးတပ်ဖွဲ့ရဲ့ အကြီးအကဲ ပရာဘိုဝို ဆူဘီယံတိုထက် ငါးရာခိုင်နှုန်း ၀န်းကျင်နဲ့ အသာစီးရနေတာကို ပြသနေပါတယ်။
ဇူလိုင်လ ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲဟာ လက်ရှိသမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုနေရာမှာ ဆက်ခံမယ့် သမ္မတကို တိုက်ရိုက်မဲပေးစနစ်နဲ့ ရွေးချယ်တဲ့ တတိယမြောက် ရွေးကောက်ပွဲဖြစ်ပါတယ်။
အင်ဒိုနီးရှား သမိုင်းမှာ အကြိတ်အနယ် အရှိဆုံး ရွေးကောက်ပွဲလည်းဖြစ်ခဲ့ပြီး မဲရုံတွေ ပိတ်တဲ့အချိန်မှာ သမ္မတလောင်း နှစ်ယောက်စလုံးက အနိုင်ရတယ်လို့ ကြေညာခဲ့ကြပါတယ်။
အင်ဒိုနီးရှားဟာ ကမ္ဘာမှာ တတိယလူဦးရေအများဆုံး ဒီမိုကရေစီ နိုင်ငံဖြစ်ပါတယ်။
