DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များ လိုင်ဇာရောက်
DVB
·
July 21, 2014
အပစ်ရပ်ဆွေးနွေးရန် တိုင်းရင်းသားခေါင်းဆောင်များ လိုင်ဇာရောက်
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက  ထိပ်သီးခေါင်းဆောင်တွေဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ဌာနချုပ်  လိုင်ဇာကို ဒီကနေ့ ရောက်ရှိကြပြီဖြစ်ပါတယ်။

[caption id="attachment_60718" align="alignright" width="300"]တိုင်းရင်းသားခေါင်းဆောင်အချို့၏ လိုင်ဇာခရီးစဉ် (ဓာတ်ပုံ - Nyo Ohnn Myint) တိုင်းရင်းသားခေါင်းဆောင်အချို့၏ လိုင်ဇာခရီးစဉ် (ဓာတ်ပုံ - Nyo Ohnn Myint)[/caption]

အစိုးရနဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖွဲ့စည်းထားတဲ့  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီ တီ) အဖွဲ့ ၀င် ခေါင်းဆောင်တွေ ဟာ လာမယ့် ဇူလိုင်လ  ၂၄ ကနေ ၂၆ ရက်နေ့အထိ  လိုင်ဇာ မှာ တွေ့ဆုံဆွေးနွေးကြ ဖို့ ရှိနေတာပါ။

ဆွေးနွေးပွဲအတွက် တိုင်းရင်းသားခေါင်းဆောင်တချို့ လိုင်ဇာမှာကြိုတင် ရောက်ရှိနေကြပြီး ဒီဆွေးနွေးပွဲမှာ  တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ဘယ်လိုပုံစံနဲ့ ထိုးမလဲဆိုတာကို အဓိကထား ဆွေးနွေးကြမယ်လို့ ကေအိုင်အို ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

“အဓိကတော့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းအပေါ်မှာ သုံးသပ်မှုတွေ လုပ်မယ်၊ ပြီးတော့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်ကို ဘယ်လိုပုံစံမျိုးနဲ့ လက်မှတ်ရေးထိုးနိုင်မလဲ၊ တကယ်လို့ လက်မှတ်ရေးထိုးပြီးသွားရင် ရှေ့လုပ်ငန်းစဉ်များ ဘယ်လိုဆက်ပြီး လုပ်သွားမလဲဆိုတဲ့အပိုင်းတွေကို ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဘယ်လိုအချက်တွေကို တောင်းဆိုမလဲ၊ ဘယ်လိုညှိနှိုင်းမလဲဆိုတာကတော့ အစည်းအဝေးရဲ့ မျှော်မှန်းချက်ပေါ့။ တစုံလုံးအတွက်က တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်လက်ခံနိုင်တဲ့ အနေအထားမျိုးနဲ့ လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲ သွားနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်က နှစ်ပိုင်းရှိတယ်လို့ ပြောလို့ရပါတယ်။”

ဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်တိုင်းရင်သားခေါင်းဆောင်တွေအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်တွေကိုလည်း ဖိတ်ကြားထားပါတယ်။

ဒါပေမယ့် အန်စီစီတီအဖွဲ့ဝင်တွေ အရင်တွေ့ဆုံဆွေးနွေးပြီးမှ နောက်အစီစဉ်အနေနဲ့ အန်စီစီတီအဖွဲ့ဝင်မဟုတ်တဲ့ တခြားအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့  ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

“အဓိက အန်စီစီတီအဖွဲ့ဝင်များရဲ့ ထိပ်သီးခေါင်းဆောင်များ၊ ဒုတိယပိုင်းအစီအစဉ်က အန်စီစီတီထဲမှာ မပါတဲ့ တခြားသော လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များဆိုပြီး နှစ်ဖွဲ့လုံးကို ဖိတ်ထားတယ်။ အန်စီစီတီအဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်များက ပထမပိုင်း အစည်းအဝေးလုပ်ပြီး ဒုတိယပိုင်း နောက်ရက်တွေမှာ အန်စီစီတီအဖွဲ့ဝင်မဟုတ်တဲ့ တခြားအဖွဲ့အစည်းတွေက ထိပ်သီးခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးဖို့ ဖြစ်ပါတယ်။”

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ကို ၂၀၁၃ အောက်တိုဘာလ ၃၀ ကနေ နိုင်ဘာလ ၂ ရက်နေ့အထိ လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသားညီလာခံမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အဖွဲ့ဝင်  ၁၆ ဖွဲ့ရှိပါတယ်။

အန်စီစီတီအဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းကလည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး  သူ့ရဲ့  မျှော်လင့်ချက်ကို အခုလို ပြောပါတယ်။

“ကျနော်တို့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးမှာ ရရှိထားတဲ့ ဒုတိယမူကြမ်းအပေါ်မှာ ညှိနှိုင်းပြီးတော့ အန်စီစီတီက ဆုံးဖြတ်လို့မရတဲ့ဟာတွေကို တိုင်းရင်းသားခေါင်းဆောင်တွေ ဆုံးဖြတ်ပေးမယ်ဆိုရင် ပိုပြီးတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ရရှိနိုင်မယ့်သဘောထားကို ရမယ်လို့ မျှော်လင့်တယ်။ ”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့  ပထအကြိမ်  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကို  ကေအိုင်အိုဌာနချုပ် လိုင်ဇာမှာ ၂၀၁၃ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းမှာပြုလုပ်ခဲ့ပြီး   ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံကို ကေအန်ယူထိန်းချုပ်ရာ နယ်မြေ လော်ခီးလာမှာ ၂၀၁၄ ဇန်န၀ါရီလ ကုန်ပိုင်းက ပြုလုပ်ခဲ့ဖူးပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ  ၂၀၁၁ ခုနှစ် သြဂုတ်လက စတင်ပြီး တပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးညှိနှိုင်းခဲ့ရမှာ ၁၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရထားပြီးဖြစ်ပါတယ်။

ဒီကနေတဆင့် တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေး ထိုးနိုင်ဖို့ ဆက်လက်  ကြိုးပမ်းဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013