DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ် တိုင်းရင်းသားအမတ်တွေကို ရှင်းလင်းတင်ပြ
DVB
·
July 20, 2014
ငြိမ်းချမ်းရေးဖြစ်စဉ် တိုင်းရင်းသားအမတ်တွေကို ရှင်းလင်းတင်ပြ
Donate to DVB

မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ပြည်နယ်တွေက လွှတ်တော်အမတ်တွေ ပထမဆုံး အကြိမ် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

[caption id="attachment_60678" align="alignright" width="300"]ဖိလစ်ပိုင် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး တဦးက ဖိလစ်ပိုင်ရဲ့ အပစ်ရပ် လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြ ဖိလစ်ပိုင် အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီး တဦးက ဖိလစ်ပိုင်ရဲ့ အပစ်ရပ် လုပ်ငန်းစဉ်တွေ ရှင်းလင်းတင်ပြ (ဓာတ်ပုံ - ဦးလှမောင်ရွှေ)[/caption]

ဇူလိုင် ၂၀ ရက်က နေပြည်တော် ရွှေဧည့်သည်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးစင်တာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တက်ရောက်ခဲ့ပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၄၀ လောက် တက်ရောက်ဆွေးနွေးခဲ့ကြတယ်လို့ ငြိမ်းချမ်းရေးစင်တာက အထူးအကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။ ဆွေးနွေးပွဲလုပ်ရတဲ့ အဓိက အကြောင်းအရင်းကိုလည်း သူက ခုလို ရှင်းပြပါတယ်။

“အခုဆိုရင် တတိယမူကြမ်းနဲ့ နောက်ဆုံးမူကြမ်းလို့ မျှော်လင့်ထားတာပေါ့။ အဲဒါကို လဆန်းလောက်ကို အန်စီစီတီ လုပ်နိုင်ဖို့ ကျနော်တို့ဘက်က မျှော်လင့်ထားတယ်။ အဲဒီတော့ အန်စီစီတီ လက်မှတ်ရေးထိုးပြီးတာနဲ့ အခြေခံမူဘောင်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလာတော့မယ် ပေါ့ဗျာ။ အဲဒီလို လာတဲ့အခါမှာ ဒီမှာပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေထဲမှာ လွှတ်တော်က ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေဆိုတာ တိုင်းရင်းသားဘက်ရော အားလုံးကရော သဘောတူတဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို လက်ရှိလုပ်နေတဲ့ ဖြစ်စဉ်နဲ့ လက်ရှိလုပ်နေတဲ့ အနေအထားတွေအားလုံးကို ဆွေးနွေးတင်ပြတယ်။ သူတို့ဘက်ကလည်း အပြန်အလှန်ဆွေးနွေး နိုင်ဖို့ပါ။ အဓိက ရည်ရွယ်ချက်ကတော့ ဒါပါပဲ။”

နောင်ကိုလည်း အလားတူ ဆွေးနွေးပွဲမျိုး ဆက်လက်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာက ဒေါက်တာမင်းဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးလှမောင်ရွှေတို့က ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ရှင်းလင်းတင်ပြခဲ့ကြပြီး ရှင်းလင်းတင်ပြချက်တွေ အပေါ် တိုင်းရင်းသားအမတ်တွေက ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံက အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးတယောက်ကလည်း ဖိလစ်ပိုင်ရဲ့ အပစ်ရပ် လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြခဲ့ပါသေးတယ်။

ပဋိပကတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားပြည်နယ်တွေက အမတ်တွေဟာ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မဖြစ်မနေပါဝင်ဖို့ လိုတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“အခုဖိတ်တဲ့ သူအားလုံးလိုလိုက ပဋိပက္ခဖြစ်တဲ့ ပြည်နယ်တွေက ပထမအသုတ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်တယ်။ အားလုံးစုစုပေါင်း တက်ရောက်တဲ့သူ ၄၀ ကျော်လောက် ရှိတယ်။ သူတို့နဲ့ ကျနော်တို့ကြားထဲမှာ ယုံကြည်မှု ပိုရလာတယ်။ နောက် သူတို့အနေနဲ့ ဒီဟာအပေါ်မှာ အပြန်အလှန်ဆွေးနွေးနိုင်တဲ့အတွက် သူတို့ရဲ့ အကြံအဥာဏ်တွေကိုလည်း ကျနော်တို့က ထည့်သွင်းစဉ်းစားလို့ ဖြစ်နိုင်တဲ့ဟာတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ မဖြစ်မနေ ပါဖို့ လိုပါတယ်။”

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လွှတ်တော်ထဲမှာ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ လုပ်ဆောင်ချက်တွေ ကို ၀န်ကြီးဦးအောင်မင်းက သွားရောက်ရှင်းလင်းတင်ပြခဲ့ပါသေးတယ်။

တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ရဲ့ ညီလာခံတရပ်ကို ကချင်ပြည်နယ်၊ လိုင်ဇာမှာ ဒီလကုန်ပိုင်း ပြုလုပ်ဖို့ရှိပြီး အစိုးရဘက်က သြဂုတ်လထဲမှာ တနိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013