DVB Logo
Home
မြန်မာသတင်း
မန္တလေးပဋိပက္ခ စခဲ့သည့်အမှု လီဆယ်မှုဟု အစိုးရသတင်းထုတ်ပြန်
DVB
·
July 20, 2014
မန္တလေးပဋိပက္ခ စခဲ့သည့်အမှု လီဆယ်မှုဟု အစိုးရသတင်းထုတ်ပြန်
Donate to DVB

လူအသေအပျောက်ရှိခဲ့တဲ့ မန္တလေး ပဋိပက္ခကို မီးမွှေးပေးခဲ့တဲ့ အဓမ္မပြုကျင့်တယ်ဆိုတဲ့ အမှုဟာ လီဆယ်မှု ဖြစ်တယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာနက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_59693" align="alignright" width="300"]မန္တလေးတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့က ရဲများ လုံခြုံရေးယူနေစဉ် မန္တလေးတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်နေ့က ရဲများ လုံခြုံရေးယူနေစဉ်[/caption]ဆန်းကဖီ ၀န်ထမ်း မစိုးစိုးဆိုပြီး ပျဉ်းမနား မြို့မရဲစခန်း လိမ်ညာအမှုဖွင့်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးဟာ “ဆန်းကဖီး” ၀န်ထမ်းလည်း မဟုတ်ဘဲ အမည်ရင်းမှာ ဖြူဖြူမင်း ခေါ် ကတုံးမ ဖြစ်ပြီး သူ့ခင်ပွန်း မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျပြီး ငွေကြေးလိုအပ်နေတဲ့အချိန်မှာ ငွေကျပ် ၁၀ သိန်းပေးမယ်ဆိုပြီး သွေးဆောင်စည်းရုံးတာကို လက်ခံပြီး လီဆယ်အမှုဖွင့်ခဲ့တယ်ဆိုတာကို ဖြောင့်ချက်ပေးတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲက “ဆန်းကဖီး” ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က ပျဉ်းမနား- တောင်ညိုကားလမ်းဘေးမှာ သူ့ကို အဓမ္မပြုကျင့်ခံတယ်လို့ လီဆယ်အမှုဖွင့်ခဲ့ပေမယ့် မှုခင်း ဆိုင်ရာဆေးပညာနှင့် ဓာတုဗေဒ ဆိုင်ရာစစ်ဆေးချက်တွေအရ အဓမ္မ ပြုကျင့်ခံထားရတဲ့ လက္ခဏာနဲ့ ပြင်ပဒဏ်ရာလည်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

အမှုကွင်းဆက်ကို စစ်ဆေးတဲ့အခါ ဆန်းကဖီး ညီအစ်ကို နှစ်ယောက်အပေါ် လူမှုရေး အငြိုးအတေးရှိတဲ့ မန္တလေးမြို့ စစ်ကိုင်းလမ်းခွဲနေ ကြက်ခြံပိုင်ရှင်အမျိုးသားတယောက်က ကြားလူနှစ်ယောက်ကတဆင့် စေခိုင်းပြီး မစိုးစိုး အမည်ခံ မဖြူဖြူမင်းခေါ် ကတုံးမက လီဆယ်အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

အမှုကွင်းဆက်တွေကို စစ်ဆေးဖော်ထုတ်နိုင်ပြီးနောက် မစိုးစိုး အမည်ခံ မဖြူဖြူမင်း (ခ) ကတုံးမ၊ လီဆည်တိုင်တန်းဖို့ ညွှန်ကြားသူ ကိုရဲထွဋ်၊ မနုနုမြတ်၊ ဒေါ်မာလာနဲ့ မဟေမာကျော်တို့ကို အရေးယူဆောင်ရွက်လျက်ရှိပြီး သူတို့ထဲက ကိုရဲထွဋ်၊ ဒေါ်မာလာနှင့် မဟေမာကျော်တို့ ၃ ဦး လွတ်မြောက်နေတယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်ဟာ နှောင့်နှေးတယ်လို့ မန္တလေးက စာရေးဆရာသတင်းစာဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒီကိစ္စသတင်းထုတ်တာ နည်းနည်းနှောင့်နှေးသွားသလားလို့ မြင်တယ်။ မိန်းကလေးကို မုဒိမ်းကျင့်တယ်လို့ ပြဿ နာ ဖြစ်ပြီး ၃ ရက်နေမှ မန္တလေးမှာ စပြီးတော့ ဖြစ်လာတာကိုး။ သူတို့ ချက်ချင်းသိ၊ ချက်ချင်းအဖြေဖော်၊ ချက်ချင်းထုတ်ပြန်မယ်ဆိုရင် မန္တလေးမှာ သေသွားတဲ့ ၂ ယောက် သေချင်မှသေမယ်လို့ ကျနော်က အဲဒီလိုမြင်ပါတယ်။ သူတို့ အလုပ်လုပ်တာ ဒီ့ထက်ပိုပြီး မြန်ဆန်မယ် ပွင့်လင်းမယ်ဆိုရင် ပိုကောင်းမှာပါခင်ဗျ။”

လူ ၂ ဦး သေဆုံးခဲ့ရတဲ့ မန္တလေးမြို့ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်မှုနဲ့ သံသယရှိသူ ၄၄ ဦးကို စစ်ဆေးနေဆဲဖြစ်ပြီး လူသတ်မှုနဲ့ မသင်္ကာသူ ၈ ဦး၊ မီးရှို့ဖျက်ဆီးမှုနဲ့ မသင်္ကာသူ ၁၃ ဦး၊ ဆူပူလှုံ့ဆော်သူ ၁၁ ဦးတို့ကို ဖမ်းဆီးအရေးယူထားတယ်လို့ အစိုးရက သတင်းထုတ်ပြန် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013