Home
အာဇာနည်နေ့
ဦးအောင်ဆန်း၏ နောက်ဆုံးနေ့ - ဒဂုန်တာရာ
DVB
·
July 15, 2014
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ (၁၀) နာရီခွဲ။ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညို့ မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါးနေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ ၍နေလေသည်။ Aung Sanဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်ပြုပြည်ပြုလွှတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ) က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါး ၀င်ယူရင်း၊ ခဏတဖြုတ် စကားစမည်ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။ ၁၀ နာရီလောက် ကတည်းက အ၀တ်အစားလဲပြီး၊ မိုး အတိတ်ကိုစောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင် ထိုင်ကာ အပြီးမသတ်သေးသော ကဗျာ တပုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။ နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့် တွေ့သော ဒေါင်းတံဆိပ် တာမွေဘတ်စကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာမည် ထင်ရသော တောသား ၃ ယောက်နှင့် တရုတ်မ ၂ ဦးကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်ကားလမ်းကား စိုစွတ်လှသည်။ ကားသည် သိမ်ကြီးဈေးတွင် ခေတ္တ ရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ်လမ်းရောက်လျှင် ကျနော်သည် ဆင်းလိုက်သည်။ ထို့နောက် ဒါလဟိုဇီလမ်းဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက် ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသို့ မျှော်လိုက် စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျနော်ကား ရုံးဆင်ချိန်မို့ လူတွေရှုပ်နေတာထင်ပါရဲ့ဟုသာ သာမန်အောက်မေ့မိသည်။ ကျနော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက်ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျဘဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။ ညှိုးလျော်သော မျက်လုံးနှင့် လုံချည်အပြာဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ၊ တိတ်ဆိတ်ငြိမ်သက်၍နေသည်။ ဗိုလ်ထွန်းလှအခန်းသို့တက်ရန် လှေကားထစ် တထစ်နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်မှ ဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှဘဲ ၀င်တော့မည်လေ။ လွှတ်တော်ရုံးဝင်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ ၂ ယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။ ကျနော်က ငိုင်တိုင်တိုင် နေသော ရုံးစေတဦးကို ‘ဦးသိန်းဟန်ရှိသလား’ ဟုမေးသည်။ ‘ရှိပါတယ်ခင်ဗျ’ ဟု ခပ်တိုးတိုး သာသာအေးအေးဖြေသည်၊ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း၊ တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက်မ၀င်ဝံ့သေးဘဲ တံခါးဝတွင်ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍ ‘အထဲမှာ အစည်းအဝေးလုပ်နေသလား’ ဟုမေးရသည်။ ရုံးစေက ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကိုဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ၀င်လိုက်သည်။ ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးအတွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။ ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့်ညွှန်ပြသည်။ သူသည်ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက်ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှားဆူညံ၍နေတတ်သော အတွင်းဝန်များရုံး သည် ဘာကြောင့် ယခုလို အုံမှိုင်းရီဝေ၍နေသည်၊ ဆိတ်ငြိမ်၍နေသည်ကို အံ့သြလျက်ရှိသည်။ အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘အားလုံးတော့ ဒုက္ခ ဖြစ်ကုန်ပြီ’ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျနော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျနော်သည် ထိတ်ကနဲ ဖြစ်သွားသည်။ ‘လက်ဖက်ရည်ဆိုင် သွားရအောင်’ မိုးဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းကလေးပေါ်ရောက်မှ ကျနော်က မနေနိုင်၍ “ဘာဖြစ်လို့လည်း ဆရာ” ဟု မေးမိသည်။ ‘မင်းမကြားသေးဘူးလား’ ဟုဇော်ဂျီက အံ့သြနေသည်။ ‘ဟင့်အင်း ကျနော်အခုပဲ ဘတ်စကားပေါ်က ဆင်းပြီး ရုံးကို တန်းလာတာ’ သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကိုပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ၀တ်ဆင်ထားသော လက်နက်ကိုင်လူ ၄ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း ရုံးခန်းတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင် ၀န်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်။ ကျနော် မရောက်မီ ၁ နာရီကျော်ကျော်ခန့်က ဖြစ်သည်။ ကျနော်သည် သည်သတင်းကိုကြားသောအခါ ထိတ်လန့် တုန်လှုပ်၍သွားသည်။ အသားများ တဆတ်ဆတ်တုန်လာသည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကိုတွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။ ‘အင်မတန်ကို နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’ စသည်ဖြင့် လူအချို့သည် ညည်းတွားလျက်ရှိကြသည်။ ဇော်ဂျီက ‘အမျိုးသား ပျက်စီးခြင်းတရပ်ပဲ’ ဟု တသသပြောသည်။ ‘ကျနော် ရုံးဝင်းထဲ ၀င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျနော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက် အ၀င်မှာတောင် အသိစာရေး တယောက်နဲ့ တွေ့သားဘဲ။ သူကလည်း ဘာမှ မပြောဘူး’ ‘လူတွေဟာ မပြောရက်ကြဘူး’ ဟု ဇော်ဂျီက ဆိုလေသည်။ လက်ဖက်ရည် သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံက ပြန်လာသော ရုံးသားတဦးအပါးကပ်လာ၍ ‘ဘယ်နဲ့လဲ’ဟု ကျနော်တို့က ၀ိုင်း၍မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှုံးရှာပြီဟု ပြောသည်။ သူ၏ အသံမှာ တုန်နေ၍မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ ”ဗိုလ်ချုပ်ကော’ ဟု တယောက်က တိုးတိုးမေးသည်။ ‘မျက်နှာကို အ၀တ်ဖြူနဲ့ဖုံးထားတယ်’ ကျနော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် လမ်းတံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့်ရွာလျက်ပင်။ လူတအုပ်သည် မိုးထဲတွင် ထီးဆောင်း၍ အချို့ ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင် ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။ လူတယောက်က ကျနော်၏ လက်မောင်းကို ဆွဲကိုင်၍ ‘ဒီမယ် ခုနက ၀န်ကြီးတွေ သေနတ်ပစ်ခံရတယ်ကြားတယ်။ ဟုတ်သလား ခင်ဗျာ’ ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။ ‘ဟုတ်ကဲ့’ ဟူ၍ သာ ဖြေကြားပြီး တဘက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီး လိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိသည်။ ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက “ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေ’ဟု မြည်တမ်းလျက်ရှိသည်။ ဈေးသည်ဟုထင်ရသော ခပ်အိုအိုမိန်းမကြီး နှစ်ယောက်ကား ‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’ ဟု ဆုတောင်း၍ နေကြသည်။ ယခုမှပင်သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘မပြောကြနဲ့၊ မပြောကြနဲ့’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တဦးက ‘အားကီးရက်စက်တာပဲ’ ဟု ကျနော်ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထားတင်းတင်းနှင့် ဘတ်စကားဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။ သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များ ပိတ်ထားလေပြီ။ သတင်းသည် တမဟုတ်ချင်း ပျံ့နှံ့၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာနေကြသည်။ ကားပေါ်မှ ဆင်း၍လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ် မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။ လူတို့သည် ‘ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေ စောင်းလာတော့သည်။ ဗိုလ်ချုပ်ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့် မျက်နှာ ညှိုးငယ် နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်းမရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။ နေ၀င်မီးငြိမ်း အမိန့်ထုတ်ထားသဖြင့်၊ ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်းလည်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညည်းညူသံ၊ တသသံ။ တိတ်ဆိတ်မှောင်မဲသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း၊ အိပ်မပျော်နိုင်ကြ။ နေ့ခင်းဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲကနဲမီးခြစ်၍ နောက်ဖေးထကြပြန်သည်။ တရေးနိုးဆုံလျှင် ‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲ နော်’ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တရေးနိုးတိုင်း သတိရလျက်ရှိသည်။ မကြာခဏ အိပ်မက်ပြီးနိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့် ထိုညကို လွန်မြောက်ရသည်။ ဒဂုန်တာရာ - တာရာမဂ္ဂဇင်း ၁၉၄၇ သြဂုတ်လ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024