DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့နယ်တွင် လူကုန်ကူးသူများကို ဖမ်းဆီးရမိ
DVB
·
July 17, 2014
လားရှိုးမြို့နယ်တွင် လူကုန်ကူးသူများကို ဖမ်းဆီးရမိ
Donate to DVB

မိမိရဲ့သမီးကို တရုတ်နိုင်ငံကို ပို့ဆောင်ပြီး တရုတ်အမျိုးသားနဲ့ ပေးစားခဲ့တဲ့ မိဘတွေကို ကြားပွဲစားတွေနဲ့အတူ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

[caption id="attachment_60510" align="alignright" width="300"]1779822_287177588106398_1342711289_n-300x208 ဓာတ်ပုံ - MAT[/caption]

ရှမ်းပြည်နယ် နမ့်ခမ်းမြို့က မနန်းကြည်ဦးနဲ့ သူ့အဒေါ်တို့နှစ်ယောက်က မန်းပွဲကျေးရွာနေ မအေးခမ်းဆာနဲ့ ခိုလိတ်ကျေးရွာက မအေးစိန်တို့ကို တရုတ်အမျိုးသားနဲ့ အိမ်ထောင်ပြုဖို့ မိဘတွေကို စည်းရုံးပို့ဆောင်ခဲ့တယ်လို့ ဒုရဲအုပ် ချစ်ထူး က ပြောပါတယ်။
ဒီလို လုပ်ဆောင်ရာမှာ မအေးချမ်းဆာရဲ့ မိခင် ဒေါ်အေးညွန့်က ကျပ်ငွေ ၂၇ သိန်း၊ မအေးစိန်ရဲ့ဖခင် ဦးအိုက်လော့က ကျပ်ငွေ ၃၅ သိန်း အသီးသီးလက်ခံရရှိတယ်ဆိုတာ စစ်ဆေးပေါ်ပေါက်တယ်လို့ သူက ပြောပါတယ်။

လာရောက်မြူဆွယ်တဲ့ နန်းကြည်ဦးက တရုတ်သူဌေးကို မိသားစု အဆင်ပြေမည် ဖြစ်ပြီး အိမ်ထောင်ပြုခိုင်းရန် စည်းရုံးမှုကို ယုံကြည်ပြီး မိဘတွေကိုယ်တိုင် တရုတ်ပြည်တွင်းက ကျေးရွာအထိ သမီးတွေကို သွားရောက်ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ကာယကံရှင်အမျိုးသမီးတွေကတော့ တရုတ်နိုင်ငံဘက်ခြမ်းမှာရှိတာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေ ပူးပေါင်း ပြန်ခေါ်ရမှာဖြစ်ပြီး အခုတော့ တရုတ်ကျေးရွာတွေမှာပဲ ရှိသေးတယ်လို့ သူက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတွေအနက် သုံးပုံနှစ်ပုံဟာ တရုတ်နိုင်ငံဖြစ်ပြီး တရုတ်အမျိုးသားတွေကို အိမ်ထောင်ပြုဖို့ ဖြစ်တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ လူကုန်ကူးရောင်းစားခံရတဲ့ ဖြစ်စဉ်တွေမှာ မိဘတွေကိုယ်တိုင်က လူကုန်ကူးမှုအဖြစ် မမှတ်ယူဘဲ ရိုးအပြီး နို့ဖိုးအဖြစ် ငွေကြေးလက်ခံကြတာလို့ ဒုရဲအုပ် ချစ်ထူးက ပြောပါတယ်။
“မအေးခမ်းစာအမေ ဒေါ်အေးညွန့်က ၂၇ သိန်း၊ သူ့မိဘတွေကလည်း တဖက်နိုင်ငံဆီ ပို့အပ်ပြီးမှ အသီးသီးအကျိုးအမြတ်ယူခဲ့ကြတာ၊ မိဘတွေကတော့ ရိုးသားတယ်။ နောက်ပြီးတော့ ဘ၀မှာ ဆင်းရဲချို့တဲ့တော့ တဖက်နိုင်ငံမှာ ယောက်ျားပေးစားတာ နိုးဖိုးဆိုပြီးတော့ ယူတာဗျ၊ နန်းကြည်ဦးနဲ့ အမည်မသိ အဒေါ်တော်စပ်သူတော့ မမိသေးဘူး။ လိုက်ပို့တဲ့ မိဘတွေတော့ ကျတော်တို့ အရေးယူဆောင်ရွက်ထားပါတယ်။”
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ အမှုဖွင့်ရာက စစ်ဆေးပေါ်ပေါက်တာဖြစ်ပါတယ်။
လားရှိုးမြို့ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့အနေနဲ့ မနှစ်က လူကုန်ကူးခံရသူ ၈ မှုနဲ့ ပြည်ပအလုပ်အကိုင် လူမှောင်ခိုက သုံးမှု ကိုင်တွယ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံမှာဖြစ်ပွားတဲ့ လူကုန်ကူးမှု ၁၅၅ မှုမှာ အမှုပေါင်း ၁၀၃ မှုဟာ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို အတင်းအကျပ်လက်ထပ်ဖို့ ဆောင်ရွက်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စာရင်းအရ သိရပါတယ်။

တချို့ဖြစ်စဉ်တွေမှာ အလိုမတူဘဲ တရုတ်နိုင်ငံမှာ အလုပ်ကောင်းကောင်းပေးမယ်လို့ ညာခေါ်ခံရပြီး တရုတ်တွေရဲ့ ဇနီးမယားအဖြစ် ရောင်းစားတာဖြစ်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ထုတ်ပြောထားပါတယ်။

ကျေးရွာတွေက တရုတ်တွေအနေနဲ့လည်း လူကုန်ကူးမှုကျူးလွန်တယ်လို့ မယူဆကြဘဲ ပွဲစားတွေကို ငွေကြေးပေးရသလို တရားဝင် မင်္ဂလာဆောင်တာလို့ ဆိုပါတယ်။ တရုတ်ဥပဒေအရ ဖော်ထုတ်တွေ့ရှိတဲ့အခါ အမျိုးသမီးကို တရားမ၀င်ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံကို ပြန်ပို့တယ်လို့ ဆိုပါတယ်။

၂၀၀၉ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံက လူကုန်ကူးမှုဖော်ထုတ်မှု ၁၅၅ မှုအနက် ၁၃၀ ဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ကျန် ၂၅ မှုဟာ ထိုင်းနိုင်ငံကို လူကုန်ကူးတာဖြစ်ပြီး ၁၁ မှုက နိုင်ငံတွင်း လူကုန်ကူးတာဖြစ်တယ်လို့ ရဲစာရင်းအရ သိရပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့တွေကို လားရှိုး၊ မူဆယ်၊ လောက်ကိုင်နဲ့ လွယ်ဂျယ်တွေမှာလည်း ထားရှိပါတယ်။

မူဆယ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့က တာဝန်ရှိသူတဦးကတော့ သူတို့အပိုင်းမှာ ၂၀၁၃ ခုနှစ်က လူကုန်ကူးမှု ၂၃ မှု ဖမ်းဆီးရမိတယ်လို့ ဖြေပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလ အထိ ၉ လအတွင်း ဖြစ်ပွားတဲ့ လူကုန်ကူးမှု စုစုပေါင်း ၆၉ မှုအနက် အနက် ၄၂ မှုဟာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် အဓမ္မ ထိပ်မြား လက်ထပ်ရန် ရောင်း စားမှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့ထံက သိရပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နှစ်ပတ်လည် အစည်းအဝေးကို ဇူလိုင် ၁၆ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ အန်ဝှေးပြည်နယ် Huang Shan မြို့မှာ ကျင်းပနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနတွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013