တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ရေတပ်စစ်ဦးစီးချုပ် ၀ူရှန်လိဟာ အမေရိကန်ရေတပ်စစ်ဦးစီးချုပ် ဂျိုနသန် ဂရင်းနာ့သ်ကို တရုတ်နိုင်ငံ ပီကင်းမြို့တော်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က စစ်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
အဲဒီနောက် ပီကင်းမြို့အနောက်ဘက်က ရေတပ်စခန်းဌာနချုပ်မှာ ၂ ဖက်လုံးက ကိုယ်စားလှယ်တွေရှေ့မှာ တပ်ကို စစ်ဆေး ကြည့်ရှုပါတယ်။
ဇွန် ၂၆ ရက်ကနေ သြဂုတ် ၁ ရက်နေ့မှာ ပြီးဆုံးမယ့် ဟာဝိုင်ယီမှာ လုပ်နေတဲ့ ပစိဖိတ် အနားဝန်းနိုင်ငံများ ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်း ခုလို လာရောက် လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ အမေရိကန် ဦးဆောင်တဲ့ ၅ ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို ပထမဆုံး အကြိမ်အနေနဲ့ ပူးပေါင်းခဲ့ပါတယ်။
ဒီ စစ်ရေးလေ့ကျင့်မှုကို နိုင်ငံပေါင်း ၂၂ နိုင်ငံက စစ်သည် ၂ သောင်းခွဲနဲ့ စစ်လေယာဉ် အစီး ၂၀၀ ကျော် ရေယာဉ် ၅၅ စီး ပူးပေါင်း ပါဝင်ခဲ့တာပါ။
အမေရိကန်နဲ့ မဟာမိတ်တွေက တရုတ်ရဲ့ ဒီပူးပေါင်းမှုဟာ အကျပ်အတည်းတွေ အရှိန်မြင့်နေချိန်မှာ အထင်လွဲမှုတွေကို ပြောင်းပြန်လှန်ပြီး ယုံကြည်မှု တည်ဆောက် နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်မှာ ပိုင်နက်အငြင်းပွားနေရင်း တရုတ်နဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကြား တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
ဗီယက်နမ်သင်္ဘောတွေလည်း ပိုင်နက်အငြင်းပွားရေပြင်မှာ တရုတ်နဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ ပါသေးတယ်။