ဇွန်လကုန်ကစပြီး နိုင်ငံရေးအကျဉ်းသား ၆၅ ဦး ဖမ်းဆီး ထိန်းသိမ်းခံရ
DVB
·
July 15, 2014
၂၀၁၄ ခုနှစ်၊ ဇွန်လအကုန်က အစပြုပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၆၅ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။
ဒါ့အပြင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၂ ဦးဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြာင့် တရားရင်ဆိုင်နေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အစိုးရက နိုင်ငံရေးအကျဉ်းသား မရှိစေရန် လုပ်ဆောင်မယ်လို့ ကတိက၀တ် ပေးထားပေမယ့် ၂၀၁၄ နှစ်စမှ ပျမ်းမျှ လစဉ် နိုင်ငံရေးအကျဉ်းသားအသစ် ၆ ဦး ထောင်ချခံရ မှုတို့နှင့်အတူ နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချမှုတွေလည်း ပုံမှန်အတိုင်း တိုးနေမြဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လ အတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၃ ဦး ထောင်ဒဏ်တွေ ချမှတ်ခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ၂ ဦး ထောင်မှ လွတ်မြောက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
အစိုးရအနေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်သွင်း အကျဉ်းချမှုတွေဟာ အသုံးပြုနေကျ နည်းလမ်းဟောင်းအတိုင်း ဆက်လက်ဖြစ်နေကြောင်းလည်း ထောက်ပြ ဝေဖန်ထားပါတယ်။