မြေယာကိစ္စအတွက် မကွေးတွင် အမျိုးသမီးတဦး တကိုယ်တော်ဆန္ဒပြ
ပိုင်စိုး
·
July 15, 2014
လယ်ယာမြေဥပဒေနဲ့ စီမံခန့်ခွဲမှုကော်မတီတွေရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ ချောက်မြို့က အမျိုးသမီးတဦး ဒီနေ့ မနက်ပိုင်းက မကွေးမြို့မှာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
အသက် ၅၀ လောက်ရှိတဲ့ ဒေါ်မာလာဟာ လယ်ယာမြေ အငြင်းပွားမှုမှာ မြေယာစီမံခန့်ခွဲမှု ကော်မတီရဲ့ဆုံးဖြတ်ကြောင့် ပိုင်ဆိုင်ခွင့် မရှိတော့တဲ့အတွက် အခုလို ဆန္ဒပြတယ်လို့ သိရကြောင်း သွားရောက် တွေ့ဆုံခဲ့တဲ့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။
မြို့မဈေးနားမှာ ဆန္ဒပြနေတုန်းမှာပဲ ရဲတွေက လာရောက်ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဖမ်းဆီးတာမျိုး မဟုတ်ပဲ ဒေါ်မာလာနဲ့ ဆွေးနွေးနေတာပါလို့ ဦးနေမျိုးကျော်က ပြောပါတယ်။
ဒေါ်မာလာက တိုင်းဝန်ကြီးချုပ်အပါအ၀င် တိုင်းစိုက်ပျိုးရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းမြေစာရင်း ဦးစီးမှူးနဲ့ တွေ့ဆုံပေးဖို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သဘောတူခဲ့တယ်လို့လည်း ဦးနေမျိုးကျော်က ပြောပါတယ်။
“တရားစွဲတာမရှိပါဘူး။ ခုတော့ သူ့ကို တိုင်းမြေစာရင်းရုံးကို ပို့ပေးနေပါတယ်”လို့ မကွေးမြို့မ ရဲစခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။