DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက်မြန်မာများ သတိထားရန် သံရုံးနှိုးဆော်
DVB
·
July 11, 2014
မလေးရှားရောက်မြန်မာများ သတိထားရန် သံရုံးနှိုးဆော်
Donate to DVB

မလေးရှားမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ မိမိလုံခြုံရေးကို အထူး ဂရိုစိုက်သွားလာနေထိုင်ကြဖို့ မြန်မာအစိုးရက နှိုးဆော်သတိပေးလိုက်ပါတယ်။

[caption id="attachment_60102" align="alignright" width="300"]ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ် ဓာတ်ပုံ - မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်[/caption]

မလေး ရှားရောက် မြန်မာနိုင်ငံ သားတွေ အနေနဲ့ မိမိလုံခြုံရေးအတွက် အထူးသတိပြု သွားလာနေထိုင်ကြဖို့ မလေးရှား အခြေစိုက် မြန်မာ သံရုံးက နှိုးဆော် လိုက်ပါတယ်။

ဇူလိုင် ၇ ရက်ကနေ ၉ ရက်နေ့ထိ သုံးရက်အ တွင်း မြန်မာနိုင်ငံသား ဦးတိုနီနဲ့ ဦးမျိုးပိုင်တို့ အသတ်ခံရပြီး ၁၀ ရက်နေ့ ညနေမှာ နှိုးဆော်စာထုတ်ပြန်လိုက်တာပါ။ တရားခံတွေကိုတော့ ရဲက ဖမ်းမမိသေးပါဘူး။

နှိုးဆော်စာမှာ မြန်မာသံရုံးက သံအမတ်နဲ့ စစ်သံမှူးတို့ဟာ မလေးရှားနိုင်ငံခြားရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကို တွေ့ဆုံပြီး မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်တိုက်ခိုက်မှုကနေ ကာကွယ်စောင့်ရှောက်ပေးဖို့နဲ့ ကျူးလွန်သူတွေကို အမြန်ဆုံးဖော်ထုတ်အရေးယူပေးဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗွီဘီက အသေးစိတ်သိရဖို့ မြန်မာသံရုံးနဲ့ အလုပ်သမားသံအရာရှိကို အကြိမ်ကြိမ် ဖုန်းခေါ်ပေမယ့် မရပါဘူး။

ဇူလိုင်လ ၉ ရက်နေ့ညက အသတ်ခံရတဲ့ ဦးမျိုးပိုင်ရဲ့သား မောင်ရဲထွဋ်ပိုင်က ခုထက်ထိတော့ သူ့ကို သံရုံးတာဝန်ရှိသူတွေ လာမတွေ့သလို တယ်လီဖုန်းကနေလည်း မေးမြန်းတာမရှိပါဘူးလို့ ဖြေပါတယ်။

“ကျနော့်ကို ဆက်တော့မဆက်သွယ်ဘူး။ ဒါပေမယ့် ကျနော်တို့ကို အခု ၀ိုင်းဝန်းလုပ်ပေးနေတဲ့ လူကြီးတွေကိုတော့ ဆက်သွယ်ကောင်း ဆက်သွယ်နိုင်ပါတယ်။ အဲလောက်ပဲ ကျနော်သိတယ်။”

မလေးရှားမှာ နာရေးကိစ္စကူညီနေတဲ့ ကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက မြန်မာသံရုံးအနေနဲ့ ထုတ်ပြန်ချက်ထုတ်တာထက် ပိုမိုလုပ်သင့်တယ်လို့ ဝေဖန်ပါတယ်။

“အားလုံးအမြင်က သတင်းအဖွဲ့တွေက တင်ပြီးမှ လိုက်ဖြေတဲ့ပုံစံမျိုးနဲ့ တင်တဲ့ပုံစံဖြစ်နေတယ်။ လာလည်းမတွေ့ဘူး။ ကိုမျိုးပိုင်သားဆို ကျနော်တို့နဲ့ဆို တနေ့ခင်းလုံးပဲ။ အခုလေးတင်မှ ရပ်ကွက်မှာ ရဲထောက်ခံစာလိုလို့ သူလိုက်သွားတယ်။ ကိုတိုနီမိန်းမဆို တအားကြောက်နေတော့ ရဲစခန်းမှာ အမှုသွားဖွင့်တယ်။ မြန်မာသံရုံးက အဲဒါမျိုး ကူညီတာ တခါမှ မရှိပါဘူး။”

မြန်မာသံရုံးနဲ့ နီးစပ်တဲ့ ဦးသီဟကို မေးမြန်းရာ မလေးရှားမှာ ကောလာဟလတွေ ဖြန့်သူတွေကြောင့် မြန်မာနိုင်ငံသားတွေ စိတ်မလုံမခြုံဖြစ်စေပြီး သတင်းမှန်စိစစ်ဖို့နဲ့ သတိပြုသွားလာသင့်တယ်လို့ ပြောပါတယ်။

“မနေ့ကလည်း အမျိုးသမီးတယောက် အသတ်ခံရတယ်ဆိုပြီး သတင်းထွက်လာတယ်။ သံအမတ်ကြီးက အဲကိစ္စကျနော့်ကို မေးလာတယ်။ အဲတော့ အဆက်သွယ်ရှိတဲ့ စခန်းမှူးနဲ့ ချက်ချင်းဆက်သွယ်ပြီး ကျနော် မေးလိုက်တယ်။ အဲဒီမှာ မြန်မာအမျိုးသမီးတယောက် ထပ်ပြီး အသတ်ခံရလားလို့ မေးတော့ သူက ဖြစ်ရင် စခန်းမှူးတယောက်အနေနဲ့ သူသိရမှာပေါ့ဆိုပြီးပြောတယ်။ နောက်ပြီး ညပိုင်း နှစ်ယောက်ထပ်ပြီး အသတ်ခံရတယ်ဆိုတာ ထပ်ပြီး သတင်းထွက်လာတယ်။ တမင်လုပ်ကြံပြီး မကြောက်ကြောက်အောင် ခြောက်ပြီး လုပ်ကြံနေတဲ့ သဘောမျိုးလားတော့ မသိဘူး။”

ဦးမျိုးပိုင်မိသားစုဆန္ဒအရ အလောင်းကို မြန်မာပြည်ပြန်သယ်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ ၀င်ငွေနည်းပါးမှုကြောင့် သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ မလေးရှားနိုင်ငံမှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ ရေလုပ်ငန်းနဲ့ အိမ်ဖော်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးဆန်ဆန်၊ လူမျိုးရေးဆန်ဆန်အကြမ်းဖက်မှုတွေ ဖြစ်ပြီးနောက် မနှစ်နှစ်လယ်ပိုင်းက မလေးရှားရောက် မြန်မာအလုပ်သမားတွေ ရန်ပြုသတ်ဖြတ်မှုကြုံတွေ့ခဲ့ကြပြီး ဇာတိမြေကို အများအပြား ပြန်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013