Home
မြန်မာသတင်း
ယူနတီ သတင်းထောက်များကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်
DVB
·
July 10, 2014
လျှို့ဝှက်ဓာတုလက်နက် စက်ရုံဆောင်းပါး ဖော်ပြခဲ့တဲ့ ယူနတီဂျာနယ်က သတင်းထောက်နဲ့ အယ်ဒီတာတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ကျခံဖို့ ပခုက္ကူခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။ Unityဇူလိုင် ၁၀ ရက်နေ့က ပခုက္ကူခရိုင် တရားရုံးမှာ ယူနတီဂျာနယ်က ဦးတင့်ဆန်းပါ ၅ ဦးကို သက်ဆိုင်ရာက မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/ ၉ အရ အခုလို စီရင်ချက်ချမှတ်လိုက်တာလို့ သတင်းသမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဝါ၀င်းမောင်က ပြောပါတယ်။ “၅ ဦးလုံးကို ၁၀ နှစ်စီချလိုက်တယ်။ ပြစ်ဒဏ်ကတော့ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်ပါတယ်။” အခုလို ပြစ်ဒဏ်စီရင်လိုက်တာနဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေက မတရား စီရင်ခံရတာလို့ ပြောဆိုတဲ့အကြောင်းနဲ့ စီရင်ချက်အပေါ် သူရဲ့ ထင်မြင်ချက်ကိုလည်း အခုလို ပြောပါတယ်။ “ဒီနေရာက ဘာလဲဆိုတော့ ကပစ ၂၄ စက်ရုံက နိုင်ငံတော်သမ္မတကနေ တားမြစ်နေရာအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိဘူး။ ဒီလိုမရှိတဲ့အတွက်ကြောင့်မို့လို့ အခုတရားခံ ၅ ဦးကိုလည်း မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်အက်ဥပဒေအရ အရေးမယူသင့်ဘူး။ အမှုတွဲ စစ်ဆေးပေါ်ပေါက်ချက် အရကော ဒီပုဒ်မနဲ့ အရေးယူရန် မသင့်ဘူးပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ ပခုက္ကူခရိုင်တရားရုံးက စီရင်ချက်နဲ့ အမိန့်ဟာ ဥပဒေကြောင်းအရကော အကြောင်းအချင်းအရာအရကော လွဲမှားနေတယ်။” ဒီအမှုအတွက် မကွေးတိုင်း ဒေသကြီး တရားလွှတ်တော်ကို ဆက်လက် အယူခံဝင်သွားဖို့ ရှိနေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး စာနယ်ဇင်းကောင်စီယာယီက နိုင်ငံတော်သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ ၂ ဦးနဲ့ ကာကွယ်ရေးဦးစီးချုပ်ထံ ဒီအမှုကို သက်ညှာစွာစီရင်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်လိုက်တာလို့ ကောင်စီဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။ “ဒါတွေကို ကြည့်လိုက်မယ်ဆိုရင်တော့ ရှေ့လျှောက်ပြီးတော့ ဒီမိုကရေစီနိုင်ငံတခုရဲ့ အုတ်မြစ် ခိုင်မာအောင် သွားတဲ့အခါမှာ စတုတ္ထမဏ္ဍိုင် အပေါ်မှာ ပေးတဲ့ လွတ်လပ်ခွင့်ဟာ တကယ်ခိုင်မှာတဲ့ လွတ်လပ်ခွင့် ဟုတ်မဟုတ် ဆိုတာ အများကြီး စိုးရိမ်ပူပန်စရာတွေ ရှိလာပါတယ်။ နောက်တခုက အခု လက်ရှိ ထုတ်ဝေနေတဲ့ ဂျာနယ်တွေ နေ့စဉ်သတင်းစာတွေ အွန်လိုင်း မီဒီယာတွေ ရုပ်သံလွှင့်မီဒီယာတွေ အဲဒါတွေအားလုံးဟာလည်း အခုလက်ရှိမှာ အစိုးရရဲ့ အရေးယူမှုတွေကို အချိန်မရွေး ရင်ဆိုင်ရနိုင်တယ်ဆိုတာ ပေါ်ပေါက်လာတယ်။ ဒါက ဘာကို ပြလဲဆိုတော့ မီဒီယာလွတ်လပ်ခွင့်ကို အစွန်းကုန်အထိ ပေးထားလို့မရဘူး။ တိုင်းပြည်နဲ့ ပေါ်လစီနဲ့ နိုင်ငံရေးကို ထိရင်တော့ ငါတို့ဘက်က သည်းမခံဘူးဆိုတဲ့ဟာမျိုးလို့ ကျနော်ယူဆပါတယ်။” ဇန်န၀ါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှိ့ဝှက်ဓာတုလက်နက် စက်ရုံခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့တဲ့ အတွက် ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက်တွေဖြစ်တဲ့ ဦးလူမော်နိုင်၊ ဦးစည်သူစိုး၊ ဦးသဲရာဇာဦး၊ ဦးပိုင်သက်ကျော်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ အပြီးသတ် လျှောက်လဲချက်ကို ပေးခဲ့ပြီး မီဒီယာဥပဒေနဲ့ အရေးယူ aဆာင်ရွက်ပေးဖို့ ရှေ့နေတွေက လျှောက်လဲခဲ့ပါတယ်။ ဒါပေမယ့် တရားလို ရှေ့နေတွေက မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေတွေနဲ့ အရေးယူပေးဖို့ အပြီးသတ် လျှောက်လဲချက်မှာ လျှောက်ထားခဲ့ပါတယ်။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ယူနတီဂျာနယ်ကတော့ ပြီးခဲ့တဲ့ ဇွန်လကုန်ကတည်းက ထုတ်ဝေမှု ရပ်ဆိုင်းသွားတယ်။ ယူနတီဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးတို့ကို အီတလီနိုင်ငံ ဆာလာဘာဂန်ဇာမြို့ရဲ့ ဂုဏ်ထူးဆောင်မြို့သားအဖြစ် ချီးမြှင့် အသိအမှတ် ပြုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024