နေမာ နေရာတွင် ၀ီလီယမ်ကို အစားထိုးရန် စဉ်းစားထားဟု ဘရာဇီးနည်းပြပြော

2.3K
ဒဏ်ရာရသွားတဲ့ တိုက်စစ်မှူးနေမာရဲ့နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်ကစားသမား ဝီလီယမ်ကို ပထမဦးစားပေး စဉ်းစားထားတယ်လို့ ဘရာဇီးအသင်းရဲ့နည်းပြ စကိုလာရီက ဇူလိုင် ၆ ရက်နေ့ လ့ကျင့်ရေးကွင်းမှာ ပြောလိုက်ပါတယ်။
လာမယ့် ဇူလိုင် ၉ ရက်နေ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲမှာ ဘရာဇီးဟာ ဂျာမနီနဲ့ ကစားရမှာပါ။
စကိုလာရီအနေနဲ့ နေမာ ကစားခဲ့တဲ့နေရာမှာ အစားထိုးဖို့အတွက် ရာမီးရာ့စ် ၊ ဘားနတ်ဒ် နဲ့ ဟာနာနက်စ် တို့ကိုလည်း ရွေးချယ်ဖို့ရှိနေပါတယ်။
ဝီလီယမ်ဟာ ဘရာဇီးယူ ၂၀ အသင်းနဲ့ အကြိုခြေစမ်းကစားခဲ့ရာမှာ နေမာကစားခဲ့တဲ့နေရာမှာ ကစားခဲ့ပါတယ်။
အဲဒီပွဲမှာ ဘရာဇီးအသင်းဟာ ယူ ၂၀ အသင်းကို ဘားနတ်၊ ဒန်တီနဲ့ ရာမီရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။
ဝီလီယမ်က “ခင်ဗျားတို့အနေနဲ့ နေမာ့ကို တခြားကစားသမားတွေနဲ့ နှိုင်းယှဉ်လို့ရမှာတော့ မဟုတ်ပါဘူး။ သူ့မှာ အရည်အချင်းတွေ အများကြီးရှိနေလို့ပါပဲ။ ကျနော့်ကစားဟန်က သူနဲ့မတူပါဘူး။သူက တိုက်စစ်ကို ပိုအားသန်ပါတယ်။ ဂိုးတွေလည်း ပိုသွင်းနိုင်ပါတယ်။ ကျနော် အားသန်တာကတော့ အသင်းဖော်တွေကို ပံ့ပိုးပေးရတာပါပဲ” လို့ ပြောပါတယ်။
