DVB Logo
Home
မြန်မာသတင်း
အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော
DVB
·
June 30, 2014
အလုပ်သမားသေဆုံးမှု မြန်မာယန်စီက နစ်နာကြေး မပေးသေးဟု ကာယကံရှင်ပြော
Donate to DVB

မုံရွာဒေသ မြန်မာယန်စီ ကြေးနီသတ္တုတူးဖော်ရေးလုပ်ငန်းမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ မလုပ်ဆောင်တာကြောင့် အလုပ်သမားတဦး သေဆုံးခဲ့ပေမယ့် ကုမ္ပဏီက နစ်နာကြေးပေးခြင်းမရှိပါဘူး။

news photoမြန်မာယန်စီကုမ္ပဏီရဲ့ လုပ်ငန်းခွင်မှာ လုပ်သက် ၁၀ နှစ် ကျော် အလုပ်သမားကို တန် ၁၀၀ မြေသည်ယာဉ်နဲ့ ကြိတ်မိခဲ့ပေမယ့် အဲဒီကုမ္ပဏီ ကနေ သေဆုံးသူအတွက် နစ် နာကြေး ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ကာယကံရှင်ဇနီးက ပြောပါတယ်။

မုံရွာဒေသ မြန်မာယန်စီ ကြေးနီသတ္တုတူးဖော်ရေးကုမ္ပဏီမှာ ယန္တရားစက်ပြင်ရာထူးနဲ့ လုပ်ကိုင်နေတဲ့ ဦးမင်းမင်းစိုးဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်မှာ အလုပ်လုပ်ကိုင်နေစဉ် တန် ၁၀၀ မြေသယ်ယာဉ် တက်ကြိတ်လို့ လုပ်ငန်းခွင်မှာပဲ သေဆုံးခဲ့ရပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာယန်စီ ကြေးနီကုမ္ပဏီအနေနဲ့ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းအောင် လိုအပ်ချက်တွေ ရှိနေကြောင်း၊ အခုအလုပ်သမား သေဆုံးတဲ့အပေါ် တာဝန်ယူမူ မရှိတာကြောင့် အမ်တီယူအက်ဖ်အနေနဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို သွားရောက်ပြီး အချက် ၄ ချက် တောင်းဆိုခဲ့တယ်လို့ ကာယကံရှင်မိသားစုရဲ့ အခွင့်ရကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အမ်တီယူအက်ဖ်) ဗဟိုအကြံပေး ဦးရန်နိုင်ထွေးက ပြောပါတယ်။

“ကျနော်တို့ တရုတ်ကောင်စစ်ဝန်ရုံးကို ဇွန် ၁၉ ရက်နေ့က သွားတယ်။ တရုတ်ကောင်စစ်ဝန်နဲ့တွေ့တဲ့အချိန် ကျနော်ပြောခဲ့တာက မြန်မာယန်စီကြေးနီထုတ်လုပ်ရေးကုမ္ပဏီဟာ လုပ်ငန်းခွင့်အသက်အန္တရာယ် လုံခြုံမှုဆိုင်ရာ လပ်ငန်းစဉ်တွေကို တခုမှ မလုပ်ထားဘူး၊ အချက်လေးချက် ပျက်ကွက်နေတယ်။ နံပါတ် ၁ က ကျွမ်းကျင်ယာဉ်မောင်းတွေကို ခန့်တာမဟုတ်ဘဲ ခခွေးလိုင်စင်လောက်ပဲ ရထားတဲ့ သူတွေကို လစာနည်းနည်းပဲ ပေးပြီးခိုင်တယ်၊ ဒီအတွက် အသက်အန္တရာယ် လုပ်ခြုံမှုမရှိဘူး။ ဒုတိယက ယန္တရားအင်အား အပြည့်အ၀မသုံးဘဲနဲ့ တောင်ကြီးတခုလုံးကို ဖြိုတဲ့အတွက် ယန္တရားမလုံလောက်ဘူး၊ ငွေကြေးအကုန်အကျ သက်သာအောင် လုပ်ထားလို့ လုပ်သားတွေ အခေါက်အရေ များများမောင်းရတဲ့အတွက် ကိုယ့်အသက်အန္တရာယ်ကို မကြည့်နိုင်ဘဲ လုပ်ငန်းပြီးစီးရေးကို ကြည့်ရလို့ အသက်အန္တရယ်တွေ တိုက်ရိုက်ထိခိုက်လာတယ်။ တတိယက ယန်စီကုမ္ပဏီမှာရှိတဲ့ ယန္တရားကြီးတွေ လည်ပတ်တဲ့အခါမှာ ဘေးအန္တရာယ်ကင်းတဲ့အချက်ပြတဲ့စနစ်တွေ မထူထောင်ထားဘူး၊ ကားတွေက မောင်းချင်သလိုမောင်းတယ်၊ တချို့နေရာတွေမှာ ကားလာတာကို ယာဉ်မောင်းခန်းကနေ မမြင်ရတာရှိတယ်။ နောက်ပြီး မော်တော်ယာဉ်တွေအားလုံးဟာ ကြံ့ခိုင်မှုမရှိဘူး။ နောက်ဆုံးအချက်က ဒီကုမ္ပဏီမှာ သုံးနေတဲ့ယန္တရားတွေထဲမှာ ဒီကုမ္ပဏီဟာ နိုင်ငံတော်ကို အခွန်ဆောင်ပြီး သွင်းထားတဲ့ကားတွေမရှိဘူး။ black ကားတွေဖြစ်တယ်။ ဒီလေးချက်ကို တရုတ်ကောင်စစ်ဝန်ကို ပြောပြတယ်။”

၂ ရက်အတွင်း ပြန်လည်အကြောင်းပြန်မယ်လို့ တရုတ်ကောင်စစ်ဝန်က ပြောပေမယ့် လုံးဝမဆက်သွယ်သေးဘူးလို့ ဦးရန်နိုင်ထွေးက ပြောပါတယ်။

“၁၉ ရက်နေ့ကစတွက်ရင် ဒီနေ့အချိန်ထိ တရုတ်ကောင်စစ်ဝန်ကသော်လည်းကောင်း၊ တရုတ်သံရုံးကသော်လည်းကောင်း ကျနော့်ကို လုံးဝ ဆက်သွယ်တာ မရှိသေးဘူး။ ကာယကံရှင် မိသားစုဘက်ကိုလည်း ဆက်သွယ်တာ မရှိသေးဘူး။ ကုမ္ပဏီဘက်ကလည်း မရှိသေးဘူး၊ ဟိုတနေ့ကတော့ သတင်းမီဒီယာမှာ အစလေးပါလာလို့ သူတို့ဘက်က မျက်ကလဲဆန်ပြာနဲ့ အစည်းအဝေးလာပါဆိုပြီး အတင်းဖိတ်စာနဲ့ လာပို့တယ်။ သို့သော် သူတို့က ညှိနှိုင်းဆေးနွေးချင်တာမဟုတ်ဘူး။ လူမှုဖူလုံရေးကနေပြီး နိုင်ငံတော်နဲ့အစိုးရ၊ အလုပ်ရှင် သူတို့တွေက ပုံမှန်အားဖြင့် အလုပ်သမားကို ပြန်ဖြည့်ဆည်းပေးရမယ့် လူမှုဖူလုံရေးကြေး ပေးတာကို ကုမ္ပဏီဘက်က ပေးလာတယ်ဆိုတဲ့ပုံစံမျိုးရယ်၊ သတင်းအမှားလွှင့်ချင်တာရယ်။ ဒီကာယကံရှင်မိသားစုက သန်း ၇၀၀ တောင်းတယ်၊ လိုက်ကူပြီး လုပ်ပေးနေတဲ့အဖွဲ့တွေက ဒီလောက်ကြီးတောင်းရလားဆိုပြီး သတင်းအမှားတွေလွှင့်ချင်တာကို ပြောပြချင်လို့ အစည်းအဝေးကို ခေါ်ခြင်းဖြစ်တယ်။ အဲဒီအသံတွေထွက်လာလို့ ကျနော်တို့ အစည်းအဝေးကို မတက်ဘူး။ ဒါကြောင့် ဒီနေ့အထိ ကျနော်တို့ကို ဆက်သွယ်တာ မရှိသေးဘူး။”

သေဆုံးသူ ဦးမင်းမင်းစိုးဟာ မြန်မာယန်စီကုမ္ပဏီမှာ အလုပ်လုပ်စဉ် ကာလပတ်လုံး ပြစ်မှုတစုံတရာ ကျူးလွန်ထားခြင်း မရှိဘူးလို့ သိရပါတယ်။

ဦးမင်းမင်းစိုးရဲ့ဇနီး ဒေါ်မြသန်းဌေးက ခင်ပွန်းလစာ ၁ လ ဒေါ်လာ ၂၆၀ ရလို့ ခင်ပွန်း နှစ်အစိတ်လောက် အသက်ရှင်ပါက ယင်းကာလတန်ဖိုးကို တွက်ချက်ပြီး ကုမ္ပဏီက နစ်နာကြေးအနေနဲ့ တွက်ပြီးပေးရမယ်လို့ ပြောဆိုဖူးတယ်လို့ ဆိုပါတယ်။

အခု လူမူဖူလုံရေးကနေ ကျပ်သိန်း ၈၀ ကျော် ပေးပေမယ့် ကုမ္ပဏီဘက်ကနေ တစုံတရာ ဆောင်ရွက်ပေးခြင်းမရှိပါက မြန်မာယန်စီကို တရားစွဲဆိုသွားမယ်လို့ ဒေါ်မြသန်းဌေးက ပြောပါတယ်။

“နောက်နောင်မှာ ကျမကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အဆိုးရွားဆုံး အခြေအနေတခုကိုလည်း ကျမ လက်ခံနိုင်တယ်။ နောက်တော့မဆုတ်ဘူး၊ ရှေ့ကိုပဲ ဆက်သွားဖို့အစီအစဉ်ရှိတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013