Home
မြန်မာသတင်း
ယူအန်အက်ဖ်စီနှင့် နိုင်ငံရေးအင်အားစု ၅ ဖွဲ့ တွေ့ဆုံဆွေးနွေးကြရန် ရှိ
ရွှေအောင်
·
June 29, 2014
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ နိုင်ငံရေး အင်အားစု ၅ ဖွဲ့တို့ လာမယ့်ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ unfcဒီင်္မိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်ရေး စတဲ့အချက်သုံးချက်အပေါ် ဆွေးနွေးကြဖို့ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။ ယူအန်အက်ဖ်စီရဲ့ ဖိတ်ကြားချက်အရ အန်အယ်ဒီပါတီက တိုင်းရင်းသားရေးရာတာဝန်ခံတွေ။ ယူအန်အေ(UNA) ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲဝင်တွေ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ၈၈ ငွေရတုကော်မတီနဲ့ ၁၉၉၀ ရွေးကောက်ပွဲဝင် အမတ်အဖွဲ့တို့က ကိုယ်စားလှယ်တွေ လာရောက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ယူအန်အေအဖွဲ့ဝင်တဦးအနေနဲ့ လိုက်ပါဆွေးနွေးမယ့် ဦးစိုင်းညွန့်လွင်က သူဆွေးနွေးဖို့ရှိတာကို အခုလို ပြောပြပါတယ်။ “ကျနော်တို့က သူတို့က ရှင်းပြဖို့ စီစဉ်ထားတာက တိုင်းရင်းသားအဖွဲ့တွေ မကွဲပြိုဖို့ပေါ့ဗျာ။ အခုက နိုင်ငံရေးဆွေးနွေးပွဲ လုပ်တော့မယ်ဆိုရင် အစိုးရ ဘက်က တခုခု ကမ်းလှမ်းလိုက်တာနဲ့ ကွဲကွဲ သွားတတ်တယ်လေ။ တကယ်လို့ ဖက်ဒရယ်ကိစ္စ ကို ၅၀ ရာခိုင်နှုန်းပေးမယ်ဆိုရင် ယူမယ့်သူနဲ့ မယူမယ့်သူနဲ့ ကွဲသွားမယ်။ အဲဒါမျိုး မရှိအောင် သတိထားဖို့ပေါ့။ နောက် အားလုံး နှစ်ဖက် သဘောတူမယ့် အပစ်အခတ်ရပ်စဲရေး အဲဒါလေးကို ပြောချင်တယ်။ နောက်တခါ ကျနော်တို့က မင်းကိုနိုင်တို့နဲ့ ဆွေးနွေးထားတာရှိတယ်။ မင်းကိုနိုင် အဆိုအရ တိုင်းရင်းသား အုပ်စုတွေက ဖက်ဒရယ်တခုပဲ လုပ်နေတယ်လို့ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ဖက်ဒရယ် ကိစ္စလည်း လုပ်ပါ၊ ဒီမိုကရက်တစ် ကိစ္စလည်း လုပ်ပါတယ်။ သူအဲဒီကိစ္စကို လုပ်တော့ ကျနော် ရှင်းပြတယ်။ ယူအန်အေနဲ့ ယူအန်အက်ဖ်စီ က ဟိုးအရင်ကတည်းက သိနေကြတာ။ ယူအန်အေထဲက လူတွေ ထွက်သွားမှ ယူအန်အက်ဖ်စီ တို့ဘာတို့ ဖြစ်ကြတာပေါ့။ တိုင်းရင်းသားတွေက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ် တိုင်းရင်းသားအရေး တပြိုင်နက်ထဲ ဆောင်ရွက်သွားမယ်ဆိုတာ ရှင်းပြဖို့ ရှိပါတယ်။” ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ နိုင်ငံရေး အင်အားစု ၅ ဖွဲ့တို့ ပထမဆုံး တွေ့ဆုံကြမယ့် ဆွေးနွေးပွဲလဲဖြစ်ပြီး ဇူလိုင် ၄ ရက်နဲ့ ၅ ရက် ၂ ရက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024