အာဖရိကအနောက်ပိုင်းနိုင်ငံများတွင် အီဘိုလာ ရောဂါကြောင့် သေဆုံး ဦးရေ ၄၀၀ ရှိ

989
အာဖရိကအနောက်ပိုင်းနိုင်ငံတွေမှာ အီဘိုလာ ကူးစက်ရောဂါကြောင့် သေဆုံးသူဦးရေ ၄၀၀ ရှိသွားပြီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇွန် ၂၇ ရက်နေ့က အတည်ပြုပြောဆိုပါတယ်။
အနောက်အာဖရိကနိုင်ငံတွေမှာ ဒေသခံတွေဟာ ကုန်းလမ်းကနေပဲ လွယ်လင့်တကူ ခရီးသွားကြ တာကြောင့် ရောဂါကို ထိန်းချုပ်ဖို့ကြိုးစားပေမယ့်လည်း ထိရောက်မှုသိပ်မရှိတာဖြစ်တယ်လို့ WHO အရာရှိ ဒေါက်တာ ပီးရီး ဖော်မန်တီ က ဂျီနီဗာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အနောက်အာဖရိကနိုင်ငံတွေအနေနဲ့ ရာဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင် ထားဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
ဆီရီလီယိုနီယံ နိုင်ငံမှာ အီဘိုလာ ရောဂါသည်တွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာ ရှိတ်မိုရာခန် ကတော့ ဒေသခံတွေ အီဘိုလာ ရောဂါဆိုင်ရာ အသိပညာဗဟုသုတအားနည်းလို့ လို့ ဆိုပါတယ်။
အီဘိုလာ ရောဂါကြောင့် သေဆုံးသွားသူဆီက ရောဂါကူးစက်ဖို့ အခွင့်အရေးအများဆုံးဖြစ်ပြီး သေဆုံးသူတွေကို မြှပ်နှံမှု ပုံစံမမှန်တာကလည်း ရောဂါကူးစက်မြန်ရတဲ့ အကြောင်းရင်းတရပ်လို့ ပြောဆိုပါတယ်။
အီဘိုလာ ရောဂါဟာ ထူးထူးဆန်းဆန်းရောဂါမဟုတ်ပဲ စနစ်တကျနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကြံညဏ်တွေအတိုင်း လိုက်နာမယ်ဆိုရင် ရောဂါကူးစက်မှုကို ကာကွယ်ဟန့်တားနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာခန်က ဆိုပါတယ်။
အီဘိုလာ ရောဂါဟာ ၁၉၇၆ ခုနှစ်ကတည်းက အလယ်အာဖရိကမှာ ပြင်းထန်တဲ့ရောဂါတခုအဖြစ် စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပေမယ့် ၂၀၁၄ ဖေဖော်ဝါရီလကစပြီး သေဆုံးမှုသိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။
WHO အဖွဲ့ကြီးရဲ့ အာဖရိကတိုက်ညွန်ကြားရေးမှူး လုဒ်ဆင်ဘို က အီဘိုလာ ရောဂါဟာ နိုင်ငံဖြတ်ကျော် ကူးစက်ရောဂါအဆင့်ကို ရောက်ရှိလာပြီဖြစ်တာကြောင့် ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာက အလေးထားဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ဇွန်လ ၂၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။
