A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားဘောလုံးပွဲ သုံးသပ်ချက် (အီတလီ – ဥရုဂွေး)

ဘရာဇီးနိုင်ငံမှာတော့ ကမ္ဘာ့ ဖလားဘောလုံးပွဲအုပ်စုတွင်း အဆုံးအဖြတ်ပွဲစဉ်တွေကို ဆက်လက် ကျင်းပနေရာမှာ ပြီးခဲ့တဲ့ ညက ပွဲစဉ်တွေမှာတော့ နေမာရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အိမ်ရှင် ဘရာဇီးက ကင်မရွန်းအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ယူသွားပါတယ်။ တခါ မက္ကစီကိုကလည်း ခရိုအေးရှားကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတဲ့အတွက် အုပ်စု အေမှာ ဘရာဇီးနဲ့ မက္ကစီကိုအသင်းတို့ အုပ်စုက တဆင့် တက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ Match Italy andတခါ အုပ်စု (ဘီ) က ပွဲစဉ်တွေမှာတော့ ပြိုင်ပွဲက ထွက်ရပြီးသားဖြစ်တဲ့ စပိန်နဲ့ သြစတေးလျတို့ ပွဲစဉ်မှာ လက်ရှိချန်ပီယံ စပိန်က ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ပြိုင်ပွဲကို နုတ်ဆက်ပြည်တော်ပြန်သွားပြီ ဖြစ်ပါတယ်။ တခါ နယ်သာလန်နဲ့ ချီလီတို့ ပွဲမှာတော့ နယ်သာလန်က ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး အုပ်စု ပထမနေရာရ ယူသွားပါတယ်။ ဒါကြောင့် နောက်တဆင့် ရှုံးထွက်ပွဲစဉ်မှာ ဘရာဇီးနဲ့ ချီလီ၊ နယ်သာလန်နဲ့ မက္ကစီကိုတို့ တွေ့ကြဖို့ ရှိနေပါတယ်။ ရှေ့တဆင့်မှာ ဆုံတွေ့ကြမယ့် ရှုံးထွက်ပွဲစဉ်တွေနဲ့ ပတ်သက်လို့ မြန်မာ့လက်ရွေးစင် ဘောလုံး သမားဟောင်း ဦးစိုးမြတ်မင်း ကတော့  အခုလို သုံးသပ်ပြောပါတယ်။ “ဘရာဇီးကတော့ ပွဲကြပ်အနေအထားပါပဲ။ ဒါပေမယ့်လည်း ဒီအဆင့်ကို အိမ်ရှင်အနေနဲ့ရော ပေါ့နော် ကျော်လွှားသွားမယ်လို့ ကျနော်ထင်ပါတယ်။ ချီလီအနေနဲ့တော့ ခြေစွမ်းကောင်းပါတယ်။ ဒါပေမယ့်လည်းပဲ ဘရာဇီးနဲ့တွေ့မယ်ဆိုရင်တော့ သူ့အနေနဲ့ အိမ်ရှင်အားသာချက်နဲ့ အနိုင်ယူသွားမယ်လို့ ထင်ပါတယ်။ မှန်းဖို့ကတော့ ခက်တာပေါ့၊ အခုက မထင်မှတ်ထားတဲ့ ပွဲ အနိုင်အရှုံးတွေ ဖြစ်ဖြစ်တော့ ဒါပေမယ့်လည်း ခြေစွမ်းတွေကို ကြည့်မယ်ဆိုရင် မက္ကဆီကို အသင်းကလည်း တကယ့်ကို ကောင်းတဲ့အသင်းပါ။ နယ်သာလန်ကတော့ နောက်ဆုံးပွဲမှာ ဗန်ပါစီကိုတောင် မထည့်ထားဘူး။ အဲဒီပွဲအတွက် မွေးထားတဲ့ အနေအထားရှိပါတယ်။ ဘယ်လိုပဲ ပြောပြောပါ လက်ရှိကစားခဲ့တဲ့ ခြေစွမ်းအနေအထားရ ဟော်လန်ကတော့ ပိုပြီး အသာရနိုင်ပါတယ်။ ဟော်လန်နိုင်မယ်ဆိုရင်တောင် ဂိုးပြတ်မဟုတ်ပဲနဲ့ ကပ်ပြီး အနိုင်ရသွားမယ်လို့ ထင်ပါတယ်။” ဇွန်လ ၂၄ ရက်ညနဲ့ ၂၅ ရက် မနက်ပိုင်းတွေမှာတော့ အုပ်စု (ဒီ) က အီတလီနဲ့ ဥရုဂွေး၊ အင်္ဂလန်နဲ့ ကော့စတာရီကာ အုပ်စု (စီ) က ဂျပန်နဲ့ ကိုလံဘီယာ၊ အိုက်ဗရီကို့စ်နဲ့ ဂရိတို့ အုပ်စု နောက်ဆုံးပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ဒီည ကစားဖို့ရှိတဲ့ ပွဲတွေထဲက ပရိတ်သတ် စိတ်ဝင်စားမယ့် အီတလီနဲ့ ဥရုဂွေး၊ ပွဲစဉ် အကြောင်းပြောရမယ်ဆိုရင် ၂ သင်းစလုံး ၁ ပွဲနိုင် ပ ပွဲရှုံးပြီး ၃ မှတ်စီရထားတဲ့အသင်းတွေ ဖြစ်ပြီး ဒီကနေ့ ရှုံးတဲ့အသင်း ထွက်ရမယ့် အခြေအနေ ရှိတာကြောင့် ခြေကုန်ထုတ် ကစားကြဖွယ် ရှိနေပါတယ်။ မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိုးမြတ်မင်း ကတော့ ဒီပွဲအခြေအနေနဲ့ ပတ်သက်ပြီး ခုလို သုံးသပ်ထားပါတယ်။ “ဒီပွဲကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျနော့်အမြင် အီတလီရော ဥရုဂွေးကတော့ နောက်ဆုံးပွဲပေါ့။ ၂ သင်းလုံး အနေအထား ကြည့်မယ်ဆိုရင် အီတလီက နည်းနည်းလေး ပိုသာတယ်လို့ မြင်ပါတယ်။ ဒါအဆုံးအဖြတ်ပွဲပဲလေ။ အီတလီအနေနဲ့က သရေကျရင် တက်မယ့် အနေအထားပါ။ ဘယ်လိုပဲပြောပြောပါ ဒီပွဲမှာ အီတလီအသင်းအနေနဲ့ ရှုံးထွက်အဆင့်ကို တက်သွားမယ်လို့ ထင်ပါတယ်။” အီတလီအသင်းက သရေ ၁ မှတ်ရရုံနဲ့ ဂိုကွာဟချက်အရ ရှေ့ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ အီတလီ နည်းပြဆီဆာကတော့ “ရလဒ်ကောင်းတွေရဖို့ ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ အောင်ပွဲရဖို့ အောင်နိုင်လိုစိတ်ရှိဖို့ လိုပါတယ်။ သရေဖြစ်ဖို့တောင် ကျနော် မစဉ်းစားထားပါဘူး”လို့ ပြောပါတယ်။ ဒီနှစ်သင်း အရင်က ၁၀ ကြိမ်ဆုံဖူးရာမှာ ဥရုဂွေးက ၃ ကြိမ်နိုင်ဖူးပြီး အီတလီက ၂ ကြိမ်နိုင်ကာ ကျန်တာ သရေကျခဲ့ဖူးပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်က တိုက်ကြီးများ ဖလားဘောလုံးပြိုင်ပွဲ တတိယလုပွဲမှာ ၂ ဂိုစီသရေကျပြီးနောက် ပန်နယ်တီမှာ အီတလီက ဥရုဂွေးကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ခဲ့ဖူးပါတယ်။ ၁၉၇၀ ပြည့် ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ပထမဆုံး တွေ့ဆုံခဲ့စဉ်ကတော့ ဂိုးမရှိ သရေကျခဲ့ဖူးပါတယ်။ အင်္ဂလန်နဲ့ ကော့စတာရီကာ ပွဲစဉ်မှာတော့ အများထင်မှတ်မထားတဲ့ ကော်စတာရီကာ က ၂ ပွဲနိုင် ၆ မှတ်ရထားပြီး ဖြစ်လို့ ဒီပွဲရဲ့ အနိုင်အရှုံးအဖြေဟာ သူ့အတွက် သိပ်တော့ အရေးမပါလှ ပါဘူး။ ဒါနဲ့ပြောင်းပြန် မြန်မာပရိတ်သက် အကြိုက် အင်္ဂလန်ကတော့ ၂ ပွဲရှုံးပြီး ၁ မှတ်မှ မရသေးပဲ ဒီပွဲနိုင်နိုင် မနိုင်နိုင် ပြိုင်ပွဲကို နုတ်ဆက်အိမ်ပြန်ရတော့မှာပါ။ ဒီကန်မယ့် အင်္ဂလန်အသင်းဟာ ကစားသမား ၉ ဦးအထိ အပြောင်းအလဲ လုပ်ပြီး ကစားသွားဖို့ ရှိနေပါတယ်။ တိုက်စစ်မှာ ရွန်နီ မပါဘဲ စတောရစ်ကို အထောင် ထားပြီး ဂိုးသမား နေရာမှာ ဘန် ဖော်စတာ၊ ကွင်းလယ်မှာ လမ်းပတ်၊ မေလ်နာ၊ ဘာကလေ၊ ၀ီရှိုင်းယား၊ နောက်တန်းမှာ ဖေးစ် ဂျုန်း၊ စမော်လင်းနဲ့ လုခ်ရှောတို့ကို အသုံးပြု သွားမှာ ဖြစ်ပါတယ်။ အဲဒီ ပွဲစဉ်မှာ ဂျရတ်အစား လမ်းပတ်က အင်္ဂလန်အသင်းရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာပါ။ ကစားသမား ၂၃ ယောက် ရှိပေမယ့် အင်္ဂလန်ဟာ ပထမ ၂ ပွဲမှာ ကစားသမား ၁၅ ယောက် အထိဘဲ အသုံးပြုထားလို့ နည်းပြ ဟော့ဆန် အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ အင်္ဂလန်အသင်းအတွက်တော့ အိမ်မပြန်ခင် နောက်ဆုံး သိက္ခာဆယ်ရုံသက်သက်ကန်မယ့် ပွဲဖြစ်လို့ အီတလီကိုရော ဥရုဂွေးကိုပါ အနိုင်ကစားထားတဲ့ ကော့စတာရီကာ အသင်းကို ဘယ်လို ကစားမလဲဆိုတာ စောင့်ကြည့်ကြရ မယ့်ပွဲဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up