DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်တွင် လေထုညစ်ညမ်းမှု အန္တရာယ်အရှိဆုံးအဆင့် ရောက်ရှိနေ
DVB
·
April 10, 2023
မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်တွင် လေထုညစ်ညမ်းမှု အန္တရာယ်အရှိဆုံးအဆင့် ရောက်ရှိနေ
Donate to DVB

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်မြို့ တာချီလိတ်မှာ လေထုညမ်ညမ်းမှု အဆိုးဝါးဆုံး ကြုံတွေ့နေရပါတယ်။ 

ဧပြီ ၈ ရက်နဲ့ ၉ ရက်က ၂၄ နာရီအတွင်း တိုင်းတာချက်အရ လေထု အရည်အသွေး ညွှန်းကိန်း (AQI) အဆင့် သတ်မှတ်ချက် ၃၀၀ အထက်မှာ ရှိခဲ့ပြီး ဒါဟာ အန္တရာယ်အရှိဆုံး PM2.5 နီညိုရောင်အဆင့်ပါ။

ဧပြီ ၁၀ ရက်နေ့ နောက်ဆုံး တိုင်းတာချက်အရ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေး ညွှန်းကိန်းဟာ ၂၂၀ အထက်မှာ ရှိနေပြီး PM2.5 (ခရမ်းရောင်အဆင့်) မှာ ရှိတာကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ဂရုစိုက်ကြဖို့ ဆရာဝန်တယောက်က တိုက်တွန်းထားပါတယ်။

"လူကြီးတွေဘာတွေ ပိုသတိထားရမယ်။ တချို့ အသက်အရမ်းငယ်တဲ့ ကလေးတွေရယ်၊ အသက်ကြီးတဲ့သူတွေရယ် ပိုသတိထားရမယ်။ နောက်တခုက ပန်းနာရင်ကျပ်ရှိတဲ့သူတွေ၊ အဆုတ် သိပ်မကောင်းတဲ့သူတွေ ပိုသတိထားသင့်တယ်။ အိမ်ထဲမှာနေရင် သူတို့ သတိပေးချက်တွေ ထုတ်ထားတာရှိတယ်။ အိမ်ထဲမှာနေရင် တံခါးပိတ်ထား။ သုံးနိုင်ရင် လေသန့်စက်တွေ သုံးနိုင်ရင် ပိုကောင်းတယ်။

"အပြင်သွားရင် Mask တပ်ရမယ်။ ရိုးရိုး Mask တောင် မရဘူး။ N-95 တွေ သုံးခိုင်းတယ်။ Air pollution အမှုန့်တွေက ရိုးရိုး surgical mask တွေ သုံးလို့ မရဘူး။ ပန်းနာ ရင်ကျပ်ရှိတဲ့သူတွေ ပိုသတိထားရမယ်။ ပန်းနာရင်ကျပ်ရှိတဲ့သူတွေ ပိုဆိုးလာတာတို့။ အဆုတ်ရောင် ရှိတဲ့သူတွေ ပိုဆိုးလာတွေ ဖြစ်နိုင်တယ်။"

တာချီလိတ်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ဆက်တိုက် ဆိုးဝါးနေတာကြောင့် အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ မလိုအပ်ရင် အပြင်မထွက်ကြဖို့၊ မဖြစ်မနေ အပြင်ထွက်ရင် Mask တပ်ဖို့၊ မျက်စိစပ်တဲ့အခါ လက်နဲ့ မပွတ်ဘဲ သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောဖို့ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီရက်တွေအတွင်း တာချီလိတ်မှာ လေထုညစ်ညမ်းမှု သိသိသာသာ ဆိုးဝါးနေတာကြောင့် မျက်လုံးတွေ ကြိမ်းစပ်တာ၊ လည်ချောင်းနာတာနဲ့ အသက်ရှူမဝတဲ့ လက္ခဏာတွေ ခံစားရတယ်လို့ တာချီလိတ် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အသက်ရှူ မဝဘူး။ ပြီးရင် မျက်လုံးတွေ စပ်တယ်။ မျက်နှာ အသားအရေယားတာ အဲ့လိုတွေ ဖြစ်တယ်။ နေလို့ မကောင်းဘူး။ အသက်ဝဝ ရှူလို့ မရဘူး။ ဝရံတာ ထွက်လိုက်ရင် ဆေးလိပ် သောက်သလို မီးခိုးနံ့ရတယ်။ အပြင်ထွက်လို့ မကောင်းဘူး။ မျက်လုံးတွေ တအား စပ်တယ်။ လည်ပင်းတွေ နာတယ်။ အဲ့လိုမျိုးဖြစ်တယ်။ အပြင်ထွက်ရင် mask တပ်တယ်။ အိမ်မှာနေရင်တော့ အဲကွန်းဖွင့်တယ်။ အဲကွန်း ပိတ်လိုက် ဖွင့်လိုက်ပေါ့။ မိုးရွာလိုက်ရင်တော့ ကောင်းသွားမယ်။ အသက်ဝဝ ရှူရတာပေါ့။" 

လေထုညစ်ညမ်းတဲ့ မီးခိုးမြူတွေကြောင့် တာချီလိတ် လေဆိပ်မှာ လေယာဉ်တွေ မဆင်းသက်နိုင်ဘဲ ကျိုင်းတုံ လေဆိပ်ကနေ လေယာဉ်တွေ အဆင်းအတက် လုပ်ရတယ်လို့ တာချီလိတ်မြို့ လေယာဉ်လက်မှတ် အရောင်းဌာနတခုဆီက သိရပါတယ်။

တာချီလိတ် လေယာဉ် လက်မှတ်အရောင်းဌာနမှ မချိုဇင်က "အပေါ်မှာ မီးခိုးငွေ့တွေက အရမ်းပိတ်နေတာ။ ပိတ်နေတော့ လေယာဉ်က ဆင်းလို့ တက်လို့ မရဘူး။ ကျိုင်းတုံကနေ ကျိုင်းတုံ-မန္တလေး၊ ကျိုင်းတုံ- ရန်ကုန် အဲ့လို ဆွဲတာ။ ဖြစ်တာက အရင် ၂၅ ရက်နေ့က စဖြစ်တာ။ ကြားထဲမှာ ရာသီဥတု ၁ ရက် ၂ ရက် ကောင်းတော့ ဆွဲလိုက်သေးတယ်။ အခုတော့ ကျိုင်းတုံကပဲ ဆွဲနေတာ အခု လောလောဆယ်။ နောက်ဆုံး ခရမ်းရောင်အဆင့်ကို ရောက်နေတယ်။ မြင်ကွင်းက မမြင်ရဘူး။ အပေါ်တောင် မမြင်ရဘူး။ တိမ်တွေဘာတွေ ဖုံးနေတယ်။ နေတောင် မထွက်ဘူး" လို့ ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်တလျှောက် လက်ရှိ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာဟာ တောင်ယာ မီးရှို့မှု၊ တောမီးလောင်ကျွမ်းမှုတွေကြောင့်ဖြစ်ပြီး ထိုင်းနယ်စပ် မယ်ဆိုင် အပါအဝင် ချင်းရိုင်၊ ချင်းမိုင်မြို့တို့မှာလည်း လေထုညစ်ညမ်းမှုဒဏ် အဆိုးဆုံး ခံနေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက် မနက်ပိုင်းက ထိုင်းဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်နဲ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ လေထုညစ်ညမ်းမှု ပြဿနာကို ၃ နိုင်ငံ ပေါင်းပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် အရွယ်မတိုင်မီ သေဆုံးမှု လူဦးရေ ၇ သန်း ရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013