Home
မြန်မာသတင်း
ရွှေကုက္ကိုတွင် တိုက်ပွဲကြောင့် လမ်းပိတ်ထားသဖြင့် လောင်စာဆီပြတ်လပ်
DVB
·
April 8, 2023
339759933_883133792773901_6297074404954583388_n

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ဘက်ခြမ်း၊ ရွှေကုက္ကိုမြို့သစ်အနီး ကျေးရွာတွေမှာ နယ်ခြားစောင့်တပ် (BGF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး  လမ်းတွေပိတ်ထားလို့ ဓာတ်ဆီတွေ ဝယ်မရဘဲ ပြတ်လပ်နေတယ်လို့  ရွှေကုက္ကိုလ်မြို့​တွင်း နေထိုင်သူတွေထံက သိရပါတယ်။

ဒေသတွင်းမှာ ဧပြီ ၅ ရက်မနက်ကတည်းက တိုက်ပွဲဖြစ်ပွားပြီး လမ်းတွေပိတ်ထားကာ ကားတွေဖြတ်သန်းသွားလာခွင့် မပြုတော့လို့ ဓာတ်ဆီတွေကို ဈေးကြီးပေးဝယ်နေရတဲ့အ​ပြင် ဧပြီ ၈ ရက် ဒီကနေ့မှာတော့  ဓာတ်ဆီဆိုင်တွေမှာ  ဓာတ်ဆီ ဝယ်မရတော့ဘဲ ပြတ်လပ်နေတာဖြစ်ပါတယ်။

ဒေသခံအမျိုးသားတစ်ဦးက "အရင်​နေ့ကတောင် ဓာတ်ဆီက တချို့နေရာတွေမှာ ဝယ်လို့ရသေးတယ်။ ရေသန့်ဘူးနဲ့ ရောင်းတာပေါ့။ ဈေးတော့ကြီးတယ်။ ဒီနေ့တော့ ဘယ်မှာမှ ရှာဝယ်လို့ မရတော့ဘူး။ တချို့သိတဲ့လူတွေကလည်း ကြိုဝယ်ထားတာတွေလည်းရှိတယ်”လို့ ပြောပါတယ်။

တိုက်ပွဲတွေမဖြစ်ခင် ဓာတ်ဆီ ၁ လီတာကို ထိုင်း ဘတ်ငွေ ၃၀ ဝန်းကျင်ပေးဝယ်နေရပြီး အခုလို တိုက်ပွဲအပြီးမှာ ဓာတ်ဆီ ၁ လီတာကို ထိုင်းဘတ် ၅၀ ကနေ ၈၀ အထိဈေးအမျိုးမျိုးနဲ့ ဈေးနှုူန်းတွေ တက်သွားတာပါ။

ဒေသခံ ဈေးသည် အမျိုးသမီးတစ်ဦးက "၆ ရက်နေ့က သွားဝယ်တော့မရှိဘူးဆိုပြီး မရောင်းပေးဘူး။ နောက်နေ့ကျတော့ ဆီတွေထုတ်ရောင်းတာရှိတယ်။ ဈေးတော့ကြီးတာပေါ့။ တချို့နေရာမှာဆို ဆီ ၁ လီတာကို ဘတ် ၈၀ ထိပါပေးရောင်းကြတယ်။ လူတွေကတော့ လိုချင်တော့ပြေးဝယ်ကြတာပေါ့။ ဒီနေ့တော့ ဝယ်လို့ကိုမရတော့တာ အစ်မကတော့ ဆိုင်ကယ်ဆီထည့်မရလို့ အလုပ်ကိုတောင်နားထားရတယ်။ ပစ္စည်းတွေလည်းပို့လို့ အဆင်မပြေတော့ဘူး”လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွှေကုက္ကိုအပါအဝင် အနီးအနားကျေးရွာကဒေသခံတွေဟာ ဆီဈေးမြင့်တက်တာနဲ့ ဝယ်မရတာတွေကြောင့်  မြို့တွင်းအသွားအလာတွေအပြင် အလုပ်သွားလာရာမှာလည်း အခက်အခဲတွေ့နေကာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024