Sunday, June 11, 2023
HomeLead Storyယာဥ်ဖောင်းကြွနံပါတ်ပြားများ ဧပြီလ ပညာပေးကာလအတွင်း အပြီးတပ်ဆင်ရန် ထုတ်ပြန်

ယာဥ်ဖောင်းကြွနံပါတ်ပြားများ ဧပြီလ ပညာပေးကာလအတွင်း အပြီးတပ်ဆင်ရန် ထုတ်ပြန်

မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားတွေကို မတ် ၃ ၁ ရက် နောက်ဆုံးထား ပြောင်းလဲတပ်ဆင်စေခဲ့ရာ ယာဥ်တချို့ကျန်နေသေးတာကြောင့်ဆိုပြီး ဧပြီလကို ပညာပေးကာလ သတ်မှတ်ကာ ယာဥ်အားလုံး အပြီးတပ်ဆင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပညာပေးကာလဖြစ်တဲ့ ဧပြီလကျော်လို့မှ နံပါတ်ပြားအသစ် ပြောင်းလဲမတပ်ဆင်ရသေးဘူးဆိုရင် လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။

မူလက ဌာနဆိုင်ရာယာဥ်တွေ၊ မြို့တွင်းခရီးသည်တင်ယာဥ်တွေ၊ တက္ကစီနဲ့ ကုန်တင်ယာဥ်တွေအနေနဲ့ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ယာဥ်နံပါတ်ပြားအသစ် လဲလှယ်တပ်ဆင်ဖို့ ညွှန်ကြားခဲ့ပြီး ပုဂ္ဂလိကယာဥ်တွေကိုတော့ နောက်ဆုံးထား တပ်ဆင်ရမယ့်ကာလ သတ်မှတ်ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

ပုဂ္ဂလိက ယာဥ်တွေအနေနဲ့ ယာဥ်မှတ်ပုံတင်သက်တမ်း တိုးချိန်ဖြစ်စေ၊ သက်တမ်းမကုန်ခင်ဖြစ်စေ အမြန်ဆုံးလဲလှယ်ဖို့သာ ဖော်ပြထားခဲ့ပြီး အခုထုတ်ပြန်ချက်အရ အဲဒီယာဥ်တွေပါ ဧပြီလအတွင်း နံပါတ်ပြားအသစ် လဲလှယ်ရတော့မယ်လို့ ကညန လိုင်စင်ဝန်ဆောင်မှု လုပ်ငန်းလုပ်နေသူတချို့က ပြောပါတယ်။

ကညန လိုင်စင်ဝန်ဆောင်မူလုပ်နေသူတဦးက “မူလကြေညာချက်အရ ကားသက်တမ်းတိုးချိန်ကြမှ နံပါတ်ပြား ပြောင်းလဲရတယ်ဆိုတော့ တချို့ကားပိုင်ရှင်တွေက မလုပ်ကြသေးတာ၊ အခုကြေညာချက်အသစ်အရဆို အကုန်အပြီးပြောင်းကြရတော့မယ်။ သင်္ကြန်ပိတ်ရက်တွေလည်းရှိတော့ နံပါတ်ပြားလည်းသူတွေ ပိုများလာနိုင်တယ်” လို့ ပြောပါတယ်။

အခုပြောင်းလဲမယ့် ယာဥ်ဖောင်းကြွနံပါတ်ပြားမှာ ယာဥ်မှတ်ပုံတင်ထားတဲ့ မြို့နယ်သင်္ကေတနံပါတ်၊ ယာဥ်အမျိုးအစားတို့ကို အသစ်ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

အဲဒီနံပါတ်ပြားအသစ်ကို စစ်အာဏာသိမ်းပြီးနောက်မှာ ပြောင်းလဲတပ်ဆင်ဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အစောပိုင်းကာလတွေမှာ ပြုလုပ်သူနည်းခဲ့ပေမယ့် အခုလိုနောက်ဆုံးထား ပြောင်းလဲတပ်ဆင်ရမယ့် အချိန်ကာလသတ်မှတ်လိုက်ပြီးနောက်မှာ လဲလှယ်သူ များပြားလာခဲ့တာဖြစ်ပါတယ်။

နံပါတ်ပြားအသစ်လဲရင် နံပါတ်ပြားခ ကျပ် ၉,၀၀၀ နဲ့ ဖောင်ကြေး ကျပ် ၁,၀၀၀ ကျသင့်မှာဖြစ်ပြီး ဝန်ဆောင်မူလုပ်ငန်းတွေကိုအပ်ပြီး လုပ်မယ်ဆိုရင်တော့ ဒီထက်ပိုကုန်ကျတယ်လို့ ယာဥ်ပိုင်ရှင်တွေက ဆိုပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular