Sunday, June 11, 2023
HomeLead Storyဗန်းမောက်နှင့် ရွှေကူတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

ဗန်းမောက်နှင့် ရွှေကူတွင် တိုက်ပွဲဖြစ်၊ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါး‌နဲ့ ရွှေကျောင်းကျေးရွာနားမှာ မတ် ၃၁ ရက် မနက် ၇ နာရီက စပြီး စစ်တပ်နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ Banmouk Revolution-BR အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒေသခံအမျိုးသားတဦးက  “တိုက်ပွဲကတော့ ၂၄ ရက်နောက်ပိုင်းကနေ ဆက်တိုက်ဖြစ်နေတာပဲ၊ နှစ်ဖက် ထိခိုက် သေဆုံးတာတွေရှိပေမယ့် အတိအကျတော့ မသိရဘူး။ ဖုန်းလိုင်းမရတော့ တရွာနဲ့တရွာ ဆက်သွယ်လို့မရဘူး၊ အရင်ရက်က ကြောင်လယ်ရွာမှာလည်းဖြစ်တယ်။ ၂၄ ရက် နဲ့ ၂၆ ရက်က လေယာဉ်နဲ့လည်း ဗုံးကြဲတယ်” လို့ ပြောပါတယ်။

ပင်ဟင်းခါးနဲ့ ရွှေကျောင်းကျေးရွာနားမှာ အပြန်အလှန် ပစ်ခတ်နေတဲ့ အသံတွေ ကြားနေရပြီး ကျေးရွာထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတယ်လို့ ရွားသားတွေက ပြောပါတယ်။ 

မတ် ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာလည်း ဗန်းမောက်မြို့နယ်အနောက်ပိုင်း စက်တောရွာ၊ အလယ်ရွာ၊ ကံရွာတို့မှာ စစ်တပ်နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ဗန်းမောက်မြို့နယ်ကို လေကြောင်းပစ်ကူနဲ့ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း မတ် ၃၀ နဲ့  ၃၁ ရက်တွေမှာ စစ်တပ်နဲ့ KIA/PDF ပူးပေါင်းတပ်ကြား တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် မံဝိန်းရွာက နေအိမ် ၇၀ ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက “ကျနော်တို့လည်း ထွက်ပြေးနေရတယ်။ စစ်ဘေးရှောင်နေ လူငယ်တချို့ကိုလည်း စစ်ကောင်စီက ဖမ်းသွားတယ်။ ရွှေကူမြို့ထဲနဲ့ နီးစပ်ရာတွေမှာ စစ်ရှောင်နေသူတွေကိုလည်း စစ်တပ်က နေရပ်ပြန်ဖို့ ဖိအားပေးနေတယ်။ အခုကျနော်တို့ နေအိမ်လည်း မီးလောင်တဲ့အထဲ ပါသွားပြီထင်တယ်” လို့ ပြောပါတယ်။

လတ်တလော တိုက်ပွဲတွေ ဆက်ဖြစ်နိုင်ပြီး တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးဒဏ်ရာရသူ ရှိနိုင်ပြီး  KIA/ KPDF ထိခိုက်မှု အနည်းငယ်သာရှိခဲ့ကာ ဆက်လက် တိုက်ပွဲဝင်မယ်လို့ KPDF ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular