
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မတ်လ ၃၁ ရက် မနေ့မနက်ခင်းက စစ်ကြောင်းစစ်ထိုးနေတာကြောင့် လက်ပံချောင်းရွာအပါအဝင် အနီးဝန်းကျင် ကျေးရွာနေ ပြည်သူတွေ တိမ်းရှောင်နေကြရပါတယ်။
စစ်ကောင်စီတပ်ဟာ ကလေးမြို့ကနေ မတ်လ ၂၃ ရက်က စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး မတ်လ ၃၀ ရက်ညနေမှာ လက်ပံချောင်းရွာကို ဝင်ရောက်တပ်စွဲညအိပ်ပြီး မတ်လ ၃၁ ရက် မနက်ခင်းမှာ လက်ပံချောင်းရွာ အရှေ့ဘက်ကိုစစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဘေးရှောင်ရွာသားတဦးက “စစ်ကောင်စီကတော့ ကျမတို့ဒေသခံတွေကို ရန်သူလို သဘောထားပြီးကို ပစ်ခတ်နေတော့ အခုလိုရှောင်ရတာပေါ့။ တိုက်ပွဲတွေကလည်း ဖြစ်နေတာနေ့တိုင်းပဲ။ စစ်ကောင်စီက သူတို့ အထိနာရင် အရပ်သားရယ်ဘာရယ်မခွဲခြားတော့ဘူး။ သူတို့သတ်ချင်သတ်တယ်။ မသတ်ချင်တောင် မသေရုံရိုက်ထားခဲ့ကြတာ။ အဲဒီလို လုပ်နေတော့ သူတို့လာပြီဆိုတဲ့ အသံကြားတာနဲ့ကို ဒေသခံတွေရွာထဲကနေထွက်ပြီး ပုန်းနေရတယ်။ ဒီနေ့အပါဝင်ဆိုရင် ရွာထဲကနေ ထွက်ပြေးနေရတာ ၃ ညအိပ်ရှိနေပြီ”လို့ ပြောပါတယ်။
လက်ပံချောင်းရွာသားတွေအပြင် အနီးအနားက ညောင်ကုန်းရွာ၊ ပျဉ်းတော်ဦးရွာ၊ ပြည်တော်သာရွာ၊ ပျဉ်ခုံကြီးရွာစတဲ့ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီခွဲလောက်ကနေ ၅ နာရီလောက်အထိ လက်ပံချောင်းကျေးရွာအနီးမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပေမဲ့ ဒေသခံအရပ်သားတွေ ထိခိုက်မှုရှိမရှိ မသိရသေးပါဘူး။