Friday, June 9, 2023
HomeLead Storyကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးကြောင့် ကျေးရွာဒေသခံ ၄,၀၀၀ နီးပါး ထွက်ပြေးနေရ

ကျိုက်ထိုတွင် စစ်တပ်လက်နက်ကြီးကြောင့် ကျေးရွာဒေသခံ ၄,၀၀၀ နီးပါး ထွက်ပြေးနေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ ကျေးရွာတွေထဲ ပစ်ခတ်နေတာကြောင့် ဒေသခံ ၄,၀၀၀ နီးပါး ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ-၁ သထုံခရိုင်က မတ် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ-၂၊ အမတ-၆၀၂ နဲ့ အမတ-၃၁၀ တပ်ရင်းတွေက ကျိုက်ထိုမြို့နယ်ထဲက ကေအန်ယူနယ်မြေ ကျေးရွာတွေဖြစ်တဲ့ ငှက်ပျောတော၊ ကရဝေးဆိပ်၊ ဇီးပြောင်းနဲ့ မဲရုံလေးကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာပါ။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ၃,၈၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေမှာ ပုန်းခိုနေထိုင်နေရတယ်လို့ သိရပါတယ်။

စစ်ရှောင်ဒေသခံတွေကို ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီဆောင်ရွက်ပေးနေ‌ေပမဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကလည်း ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ရွှေလုပ်သားတွေဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မောင်သာချောင်နဲ့ အသက်၂၄ နှစ်အရွယ် စောနောင်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် ဒေသခံတွေဟာ ဘဝမလုံခြုံမှုပြဿနာနဲ့ အလုပ်အကိုင် ရှားပါးလာတာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular