Friday, June 9, 2023
HomeLead Storyစစ်အုပ်စု အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၁၈၅ ဦးထိ ရှိလာ

စစ်အုပ်စု အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃,၁၈၅ ဦးထိ ရှိလာ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၈၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၉၃၄ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၀၆၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၆၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၄၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက် မနက် ၈ နာရီလောက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာကို အင်အား ၅၀ လောက်ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီးတော့ မီးရှို့ခဲ့တာကြောင့် ကျေးရွာအတွင်း ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေတဲ့ အမြင်အာရုံချို့ယွင်းသူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ဒေသခံ ၇ ယောက် မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၁၈၀ လောက် မီးလောင်ပျက်စီးခဲ့ရတယ်လို့ အေအေပီပီက ပြောပါတယ်။ သေဆုံးသူတွေကတော့ အသက် ၈၀ အရွယ် ဦးကြည်မြင့် (ခ) ဂျပန်ကြီး၊ ဒေါ်ခွေးမ၊ ဒေါ်ခင်မြင့်၊ ဒေါ်တင်အိ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ပြည့်နဲ့ ဒေါ်ကြည်အောင်၊ အသက် ၅၀ အရွယ် ဒေါ်စန်းမြင့်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ် ၂၅ တရက်တည်းမှာပဲ နေ့လယ် ၁ နာရီလောက်က တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု စစ်ဆေးရေးဂိတ်ကို အမျိုးသား ၂ ယောက်က ဆိုင်ကယ်နဲ့ ဖြတ်သန်းလာချိန် အကြမ်းဖက်စစ်အုပ်စုတပ်သားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ပစ်ခတ်ခဲ့တာကြောင့် ဆိုင်ကယ်နောက်မှာ လိုက်ပါလာတဲ့ ကိုသန်းလင်းချစ်ကို ကျည်ထိမှန်ကာ ဆိုင်ကယ်ပေါ် က ပြုတ်ကျပြီး နေရာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆိုင်ကယ်မောင်းသူ ကိုပြည့်စုံအောင် (ခ) အလင်းရောင်ဟာလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တာကြောင့် ပဝကျေးရွာက ဆေးခန်းကို မောင်းနှင်လာပြီး ဆေးကုသမှုခံယူနေချိန်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular