Friday, June 9, 2023
HomeLead Storyအင်းတော်ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရသေး

အင်းတော်ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အဆက်အသွယ်မရသေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နန့်သာ အောင်ကုန်းကျေးရွာက ပြည်သူ ၆ ဦးကို မတ် ၂၉ ရက် မနက်ပိုင်းက အင်းတော်မြို့ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီ ရှေ့ပြေးစစ်ကြောင်းက ဖမ်းဆီး ခေါ်ဆောင်သွားရာကနေ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ရှေ့ပြေးအဖွဲ့တွေဖြစ်ပြီး ရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိသေးတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းက နှစ်ခုပေါ့၊ အခု ရွာမှာထိုင်နေတဲ့ စစ်ကြောင်းရယ်၊ မနက်က ပြည်သူတွေကို ဓားစာခံအနေနဲ့ ခေါ်သွားတဲ့ စစ်ကြောင်းရယ် နှစ်ခုပါ၊ ၆ ယောက်ကို ဖမ်းသွားတဲ့ စစ်ကြောင်းက သူတို့(စကစ) ရွာက မထွက်ခင်မှာ လက်နက်ကြီး လေး၊ ငါးလုံးလောက်ပစ်ပြီး ထွက်သွားတာ၊ ၈ နာရီလောက် ဖြစ်မယ်၊ ပြည်သူတွေကို ဖမ်းခေါ်သွားတာက သူတို့ကို ပစ်မှာကြောက်လို့ ဒိုင်းကာပုံစံ ခေါ်သွားတာနေမှာ။ အခုထိလည်း အဆက်အသွယ်မရသေးဘူး ဖြစ်နေတယ်။ ဘယ်ကို ရောက်နေလဲ မသိဘူး။”

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ နန့်သာအောင်းကုန်းကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၂၅ ရက် နောက်ပိုင်းမှာ ရွာကို ရောက်ရှိလာတာဖြစ်ပြီး ကျေးရွာက ပြည်သူအများစုက ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ပေမဲ့ ရွာထဲ ပိတ်မိနေတဲ့ ပြည်သူတွေ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန် ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာ မသိရသေးဘဲ အင်းတော်မြို့ကို ပြန်သွားတာဖြစ်နိင်သလို အင်းတော်ကနေ ထွက်လာတဲ့ တခြားတပ်ဖွဲ့တွေကို လုံခြုံရေးယူပေးဖို့သွားတာလည်း ဖြစ်နိုင်တယ်လို့ အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

နန့်သာအောင်ကုန်းထရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီ အင်အားဟာ ၈၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်ထဲမှာ ရွာသာယာ၊ ကျွန်းတောရွာ၊ သာဘောနဲ့ မော်တိတ်ကျေးရွာက ပြည်သူတွေလည်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေရတယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။

နန့်သာအောင်းကုန်းကျေးရွာဟာ ဗန်းမောက်မြို့နဲ့ အင်းတော်မြို့ကြားမှာရှိတဲ့ ကျေးရွာဖြစ်ပြီး အင်းတော်မြို့  ၁၀ မိုင်လောက် ဝေးပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular