Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ
lusane
·
March 29, 2023
338721563_747243423649801_678050780227711390_n
338572569_6556603004352869_3457640256569048065_n
338171823_249363524110218_6525229466908790181_n

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် ဒေသခံ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ မတ် ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်က ဘီးလင်းမြို့နယ် မျှင်သာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တောင်ကလေးကျေးရွာထဲ လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တောင်ကလေးကျေးရွာနေ ဒေါ်မသောင်း နေအိမ်အပေါ် ကျရောက် ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ အရွယ် အဘွားအို ဒေါ်မသောင်း ညာဘက်ပေါင် ထိမှန်ဒဏ်ရာ၊ သမီးဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဒေါ်နောပျိုနဲ့ မြေးဖြစ်သူ အသက် ၁၄ နှစ်အရွယ် စောနည်နည်ဇော်တို့ လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်ကတော့ တိုက်ပွဲမရှိဘဲ ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မှုဟာ ကြွက်မနိုင် ကျီမီးရှို့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာနေ လူငယ် ၂ ဦးကို ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) သထုံခရိုင်နယ်မြေတွေ ဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ဘားအံမြို့နယ်တို့ကို စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024